Wednesday, February 4, 2009

(၁၀) တန်းကျောင်းသားတစ်ဦး စိတ်ကြွဆေးဖြတ်ပြီး ကြိုးဆွဲချသေ

Wed 04 Feb 2009, မွန်စွန်း
ဘုရားသုံဆူမြို့နယ် ရပ်ကွက် (၂) တွင်နေထိုင်သည့် (၁၀) တန်းကျောင်းသားတစ်ဦး စိတ်ကြွဆေးဖြတ်ပြီး စိတ်ဓာတ်ကျဆင်းကာ ဇန်နဝါရီလကုန်ပိုင်းတွင် မိမိကိုယ်ကို ကြိုးဆွဲ ချပြီး သေဆုံးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

အသက် ၁၇ နှစ် ဝန်းကျင်လောက်ရှိသည့် မောင် (---) ဒဿမတန်းကျောင်းသားသည် မုဒုံမြို့ ပေါ်တွင် အဆောင်နေပြီး

ကျောင်းတက်နေသူ ဖြစ်သည်။ မောင် (---) ၏ မိဘ များ သည် မောင် (---) စိတ်ကြွဆေးပြားဆွဲနေသည့်ကိုသိပြီး ဘုရားသုံးဆူသို့ ပြန်ခေါ်လာ ခဲ့သည်။

ဒေသခံတစ်ဦး၏အဆိုအရ “ကလေးရဲ့ မိဘတွေ မုဒုံမြို့ပေါ်မှာ သူ့တို့သားကို ကျောင်းထား ပေးတယ်။ သူ့မိဘတွေက သူတို့သားဆေးစွဲနေတာကို သိသွားပြီးတော့ ဘုရားသုံးဆူကို ပြန်ခေါ်လာခဲ့တယ်၊ ကလေးက စိတ်ကြွဆေးပြားမသုံးစွဲရလို့ စိတ်ဓါတ်ကျဆင်းပြီးတော့ ကြိုးဆွဲချသွားတယ်” ဟု ပြောသည်။

မောင် (---) သည် ဘုရားသုံးဆူ ပြန်ရောက်သည့်နောက် စိတ်ကြွဆေးပြားသုံစွဲခွင့်မရဘဲ ၄င်းမိဘများကုသနေသည့်ကြားက စိတ်ဓါတ်ကျဆင်းပြီး ဇန်နဝါရီလ (၂၈) ရက်နေ့တွင် နေအိမ်မှနေ၍ ပျောက်ဆုံးသွားခဲ့သည်။

ဇန်နဝါရီလ (၃၁) ရက်နေ့တွင် မောင် (---) ကို ၄င်းနေထိုင်ရာရပ်ကွက် (၂) အနီးရှိ တော အုပ်အနီးတွင် ကြိုးဆွဲချပြီး သေဆုံးနေကြောင်းကို တွေ့ရှိခဲ့သည်ဟု ၄င်းမိသားစုနှင့် နီးစပ် သည့် ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော့်သားက ဆေးစွဲတဲ့ကိစ္စတစ်ခုထဲလည်းမဟုတ်ဘူး၊ သူ့ရည်စားကိစ္စနဲ့လည်း ပတ် သက်နေတယ်” ဟု ၄င်း၏ဖခင်ပြောကြားချက်ကို ကိုးကာ၍ ၄င်း၏အသုဘအခမ်း အနားသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။ အသုဘအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့ ကပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်သည်။

ဘုရားသုံးဆူဒေသတွင်လည်း ဆေးသုံးစွဲသူ များပြားလာသည်။ မွန်လူ့အခွင့်အရေးအဖွဲ့ အစည်းမှ ဒီဇင်ဘာတွင် ထုတ်ပြန်သောအစီအရင်ခံစာအရ လူငယ် ၃၀ ရာခိုင်းနှုန်းမှာ အမ်ဖီတာမင်းဆေးပြား ပုံမှန်သုံးစွဲနေကြသည်ဟု ဆိုသည်။

“အကြီးဆုံးသားတစ်ယောက် ဆုံးရှုံးသွားတယ်၊ အမ်ဖီတာမင်ဆေးကြောင့် ပိုက်ဆံလည်း ဆုံးရှုံးတယ်၊ မိသားစုလည်းဆုံးရှုံးတယ်” ဟု အမ်ဖီတာမင်းဆေးသုံးစွဲ၍ မော်တော်ဆိုင် ကယ်အက်ဆီဒင့်ဖြစ်ပြီး သေဆုံးသွားသည့်သားကို ရည်ရွယ်၍ ၄င်းမိခင်က ပြောသည်။

မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့တွင် ပါဝင်သည့် မွန်ပြည်သစ်ပါတီနှင့် နီးစပ်သည့်သတင်းကို ကိုးကား၍ နယ်စပ်ရှိမူးယစ်ဆေးရောင်းဝယ်မှုမှာ ထင်ရှားစွာ တိုးပွားလာသည်ဟု မွန်လူ့ အခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့က ဆိုသည်။

ဘုရားသုံးဆူဒေသရှိ တိုးပွားလာသည့်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုသည် မြန်မာ စစ်အာဏာပိုင်တို့၏လာဘ်စားမှုကြောင့် ဖြစ်နိုင်သည်။ “အာဏာပိုင်တွေ ဒီရောင်းဝယ်မှုများ တမင်သက်သက် မျက်စိမှိတ်ထားတယ်” ဟု ၄င်းအစီရင်ခံစာက ဆိုသည်။

ဘုရားသုံးဆူဒေသတွင်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်ဆေးများကို ပေါက်ပေါက် လှော် ဝယ်သကဲ့သို့ ဝယ်ယူရလွယ်ကူကြောင်း၊ လူငယ်အများစုမှာ ငွေကြေးပြတ်လပ်သည့် အခါတွင် မသုံးစွဲနိုင်ကြဘဲ ၄င်းတို့ ငွေရွှင်သည့်အချိန်မှသာ ၄င်းဆေးကို သုံးစွဲကြသည်။ လွန်ခဲ့သောတစ်နှစ်တွင် မူးယစ်ဆေးသုံးစွဲသည့်ကျောင်းသားအရေအတွက်မှာ ယခင်က ထက် များပြားလာသည်။ “သုံးဆူမှာရှိတဲ့ အနာဂတ် ကလေးတွေရဲ့ဘဝတွေကို ရင်လေးမိ တယ်ဗျာ။ ကိုယ်ဘယ်လောက်ပဲ ထိန်းထိန်း ပတ်ဝန်းကျင်က မကောင်းနေရင် ဘယ် လောက်ပဲထိန်းထိန်း မထိန်းနိုင်ဘူး” ဟု မူးယစ်ဆေးသုံးစွဲမှုကြောင့် သေဆုံးသွားသည့် ကျောင်းသား၏အစ်ကိုနှင့် နီးစပ်သူက ပြောသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်