လင်နား မယားနားကပ်နေတဲ့ မိန်းမ ယောက်ျားတွေ ကို လခပေးနေရတာ ဒို့ ပြည်သူ
ရုံးမတက်ဘဲ စင်္ကာပူ မြန်မာသံရုံးမှာ တာဝန်ပြထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ပြီးခဲ့တဲ့ သောကြာနေ့က စပြီး ရာထူးတိုး ပေးလိုက်တဲ့အတွက် ပြည်ပ မြန်မာသံတမန် အသိုင်းအဝိုင်းကြားဝေဖန်မှုတွေ ဖြစ်လာတယ်လို့ စုံစမ်းသိရပါတယ်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေရဲ့သမီးနှစ်ဦး ဖြစ်တဲ့ စင်္ကာပူ မြန်မာသံရုံး ပထမအတွင်းဝန်ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို နိုဝင်ဘာလ ၂၇ရက်နေ့ကစပြီး သံမှူးအဖြစ် တပြိုင်တည်း ရာထူးတိုးမြှင့် ခန့်ထားလိုက်တာဖြစ်တယ် လို့ အမိန့်စာ ဖတ်ရတဲ့ နေပြည်တော် သံတမန်တဦးကပြောပါတယ်။
ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို စင်္ကာပူ မြန်မာသံရုံးခေါင်းစဉ်နဲ့ ရာထူးတိုးပေးခဲ့ပေမယ့် အဆိုပါ
သမီးနှစ်ဦး စလုံးဟာ စင်္ကာပူမှာမရှိဘဲ နေပြည်တော်မှာသာ နေထိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောပါတယ်။ နေပြည်တော်မှာလည်း ရုံးမတက်ဘဲ အိမ်မှာနေပြီး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးရှိတဲ့ နေ့မျိုးမှသာ ရုံးခဏ လာလေ့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ရုံးမတက်ဘဲ ရာထူးတိုးပေးထားလို့ ဝန်ထမ်းတွေအကြား မကျေနပ်မှုတွေ ဖြစ်နေတယ်လို့
ဆိုပါတယ်။ ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့နှစ်ဦးရဲ့ အမည်တွေဟာ ၂ဝဝ၉ ခုနှစ် အီးယူက ဒဏ်ခတ်ပြီး နာမယ်ပျက်စာရင်း သွင်းထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိသားစုဝင်စာရင်းမှာလည်း ပါဝင်နေပါတယ်။
တချိန်ထဲမှာဘဲ တရုတ်နိုင်ငံ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်
ကောင်စစ်ဝန်ချုပ် ဦးဇော်ဖြိုးဝင်းစီးဖို့ Mercedes-Benz E-300 အမျိုးအစား နောက်ဆုံးပေါ် ဇိမ်ခံကားသစ်တစီးကို ဘေကျင်းမြို့
မာစီဒီးကုမ္ပဏီက တဆင့် မကြာခင်က မှာယူထားတယ်လို့ စုံစမ်းသိရပါတယ်။
သာမန်ဆိုရင် ကောင်စစ်ဝန်ချုပ်အဆင့်ကို မာစီဒီးကား စီးခွင့်ပေးလေ့မရှိဘဲ မြန်မာသံအမတ် အဆင့်တွေကိုသာ မာစီဒီးကား စီးခွင့်ပေးတာဖြစ်ပါတယ်၊ ဦးဇော်ဖြိုးဝင်းကိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်ဖြစ်တဲ့အတွက် မာစီဒီးကား အသစ်ဝယ်စီးခွင့်ကို
နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တဦးက ပြောပါတယ်။RFA သတင်း
No comments:
Post a Comment