Wednesday, October 21, 2009

ဗြဟ္မခေါင်း(ငတေဇ) MAI သို့ ရွေ့ လာခြင်း

ဒီအတိုင်းဆိုရင်တော့ MAIတော့မြွေချောက်ကိုက်ခံရတော့မယ်(အဘန်းခံရတော့မယ်)။ အင်း....အပြစ်မဲ့ MAIက၀န်ထမ်းတွေ ငတေဇ လက်ချက်နဲ့ လုပ်တွေပြုတ်ကျအုံးတော့မယ်။

မျိုးချစ်သူ/ ၂၁ အောက်တိုဘာ ၂၀၀၉

မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) တွင် ဦးတေဇ ပါဝင်လာကြောင်း အဆိုပါလေကြောင်းလိုင်းမှ စုံစမ်းသိရှိရသည်။

လာမည့် အောက်တိုဘာ (၂၆) ရက်မှစ၍ အဆိုပါလေကြောင်းလိုင်း၏ ခရီးစဉ်များကိုပါ ပြောင်းလဲတော့မည်ဖြစ်ကြောင်း MAI လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတဦီးက ပြောသည်။

“ဦးတေဇပိုင် အဲပုဂံလိုင်းအနေနဲ့ MAI ကို သူတို့ ကုမ္ပဏီက၀ယ်ထားတဲ့ Airbus A320 လေယာဉ်ကို အသုံးပြုခွင့်ပေးထားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးတေဇပိုင် ထူးကုမ္ပဏီသို့  စုံစမ်းမေးမြန်းရာတွင် MAI သို့ ၀င်ရောက်သည် ဆိုသောသတင်းနှင့်ပတ်သက်၍ ပြောဆိုရန် အချိန်စောနေသေးကြောင်း တယ်လီဖုန်းမှတဆင့် ဖြေကြားသည်။


၂၀၀၄ ခု နိုဝင်ဘာမှစတင်ပြီး ပြည်တွင်းခရီးစဉ်ဖြင့် စတင်သည့် အဲပုဂံလေကြောင်းလိုင်းကို ထူးထရိတ်ဒင်းကုမ္ပဏီပိုင်ရှင် ဦးတေဇက ဦးဆောင်လုပ်ကိုင်နေပြီး ထိုကုမ္ပဏီ၌ နအဖထိပ်ပိုင်း စစ်အာဏာပိုင်များက အစုရှယ်ယာများ ပါဝင်ထားသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ယခုအခါ ဦးတေဇသည် MAI သို့  အပြီးပါဝင်လာခြင်း ဖြစ်သည်ဟု မြန်မာ့လေကြောင်းလိုင်းနှင့် နီးစပ်သော သတင်းရပ်ကွက်တခုမှ စုံစမ်းသိရှိရသည်။

အင်တာနက် ၀က်ဘ်ဆိုက်တွင် ဖော်ပြချက်အရ MAI လေကြောင်းလိုင်းကို ၁၉၉၃ ခုနှစ် သြဂုတ်လတွင် မြန်မာ့လေကြောင်းလိုင်းနှင့် စင်ကာပူရင်းနှီးမြှုပ်နှံသူများ အကျိုးတူပူးပေါင်း၍ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၀၇ ခုနှစ်တွင် စင်ကာပူရင်းနှီးမြှုပ်နှံသူများနေရာတွင် တရုတ် (ဟောင်ကောင်) ၏ Region Air Co.,ltd သို့ လွှဲပြောင်းဆောင်ရွက်ခဲ့ရာ ပိုင်ဆိုင်မှုမှာ (၅၁) ရာခိုင်နှုန်းနှင့် (၄၉) ရာခိုင်နှုန်းအချိုးစီ ပိုင်ဆိုင်လျက်ရှိကြောင်း သိရသည်။

“အခု MAI လေကြောင်းလိုင်းရဲ့ ပိုင်ဆိုင်မှုကို ဦးတေဇပိုင်ဆိုင်သွားတဲ့ သဘောပါ။ ၂၀၁၀ မတိုင်ခင်တော့ အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းအချို့ကို သူတို့ရဲ့သြဇာခံတွေအတွက် တခုခုလွှဲပေးသွားမယ့်အနေအထား တွေ့ရတယ်။ ဆက်သွယ်ရေး ကိစ္စတွေလည်း ဦတေဇပဲ ဆောင်ရွက်ခွင့်ရမယ့် အနေအထားပဲ။ အခုလည်း တခါသုံးကတ်တွေကို သူတို့ကပဲလုပ်နေတာ လူတိုင်းသိတယ်လေ” ဟု ရန်ကုန်ရှိ နာမည်ကြီးစီးပွားရေး လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

MAI လေကြောင်းလိုင်းတွင် ပျံသန်းနေသောလေယာဉ်များမှာ လက်ရှိ Airbus A320 ၊ A319 ၊ ဘိုးရင်း B-747 တို့ဖြစ်ကြောင်း၊ ယခုထပ်တိုးလာသော Airbus A320 လေယာဉ်အပါအ၀င် (၄) စင်းဖြစ်လာမည်ဖြစ်ကြောင်း အောက်တိုဘာ(၂၁) ရက်ထုတ် ဆဲဗင်းဒေးသတင်းဂျာနယ်တွင် ဖော်ပြထားသည်။
http://www.khitpyaing.org/news/Oct09/211009c.php မှတဆင့်ဖော်ပြပါသည်။

No comments:

Post a Comment