ဆန့်ကျင်ဘက် အုပ်စုများ၏ ၂ဝဝ၉ ခုနှစ်အတွင်း ဆူပူအုံကြွမှုဖြစ်ပေါ်လာစေရန်နှင့် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်ရန် ပြည်တွင်းပြည်ပ ချိတ်ဆက် စီစဉ် ဆောင်ရွက်ထားမှုများ ဖော်ထုတ်ရရှိ
နေပြည်တော် စက်တင်ဘာ ၂၃
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရေး အတွက် ရပ်ရွာအေးချမ်းသာ ယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အများပြည်သူ တို့အ နေဖြင့် မိမိတို့ လူမှုပတ်ဝန်းကျင်အတွင်း အသွင် အမျိုးမျိုးဖြင့် ထိုးဖောက်ဝင်ရောက်လာနိုင်သည့် ပြည်တွင်း/ပြည်ပ ဆူပူ လှုပ်ရှား လိုသူများ၊ အကြမ်းဖက်သမား များအား ဖမ်းဆီးရမိရေး အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်း နှိုးဆော်ခဲ့သည်။
ဖမ်းဆီးရမိ
နိုင်ငံတော်အစိုးရ၏ တိုက်တွန်းနှိုးဆော်ချက်အပေါ် အလေးထား ပူးပေါင်းဆောင်ရွက်ခဲ့သည့် တာဝန်သိ ပြည်သူများ၏ သတင်းပေး ချက်အရ All Burma Student's Democratic Front (ABSDF) သောင်းကျန်းသူ အဖွဲ့နှင့် ပူးပေါင်း၍ ပြည်တွင်းအဖျက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်အစည်းအရုံး All Arakan Students and Youth Congress (AASYC) အဖွဲ့မှ ပြည်တွင်းရှိ ယူဂျီ အဖွဲ့ဝင်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ၂ဝဝ၉ ခုနှစ်၊ စက်တင်ဘာပထမပတ်အတွင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ AASYC အဖွဲ့ကို ၁၉၉၅ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိ အဖွဲ့ခေါင်းဆောင်မှာ မင်းဇံဝေ(ခ)ဇော်ဇော်အောင်ဖြစ်ကြောင်း၊ ၎င်းအဖွဲ့သည် စစ်ရေးနှင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် ၂ဝဝ၄ခုနှစ်တွင် KNU ၏ လေ့ကျင့် ပေးမှုဖြင့် KNU တပ်မဟာ(၆) နယ်မြေတွင် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ တပ်မတော် (AASYA) ကို ဖွဲ့စည်းခဲ့ ကြောင်း၊ ၎င်းအဖွဲ့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွင်း အရေးကြီး အဆောက်အအုံများ၊ စီမံကိန်း လုပ်ငန်းများအား နှောင့်ယှက် ဖျက်ဆီးရန်၊ ပြည် တွင်း၌ အမာခံ ယူဂျီများမွေးမြူ၍ ဆန့်ကျင်ဘက် နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်ရန် ၊ ရခိုင်ပြည်နယ် အတွင်း ကျောင်းသားလူငယ်များအား စည်းရုံးရန်နှင့် အဖွဲ့ရန်ပုံ ငွေရရှိရေးအတွက် နယ်စပ်ဒေသမှ ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ စိတ်ကြွရူး သွပ် ဆေး ပြားများ သယ်ဆောင်ရောင်းဝယ်ခြင်းပြုလုပ်ရန် ၊ လက်နက်မှောင်ခို လုပ်ငန်းများ လုပ်ဆောင်ရန်ဖြစ်ကြောင်း သိရှိရသည်။
သတင်း ဖော်ထုတ်ချက်များအရ AASYC အဖွဲ့သည် ၂ဝဝ၆ခုနှစ် နှောင်းပိုင်းမှစ၍ ABSDF သောင်းကျန်းသူအဖွဲ့ ထံမှ အခကြေးငွေ ရယူကာ ပြည်တွင်း၌ ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့ကြောင်း၊ ၂ဝဝ၇ခုနှစ် စက်တင်ဘာအတွင်း မိမိလုံခြုံရေး တပ်ဖွဲ့ဝင် များက AASYC အဖွဲ့ဝင် ဦးကောဝိဒနှင့် ဦးတေဇဆိုသူ သံဃာ (၂)ပါးအား TNT ယမ်းတောင့် (၁၃)တောင့် နှင့်အတူ နန်းဦးဘုန်းတော် ကြီး ကျောင်း၌ ဖမ်းဆီးရမိခဲ့သဖြင့် ၄င်းတို့၏ အကြမ်းဖက် အကြံအစည်များ ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။
စီမံဆောင်ရွက်
သို့ရာတွင် AASYC အဖွဲ့မှ ဖောက်ခွဲရေးသမားများသည် ၂ဝဝ၈ခုနှစ် ဖေဖော်ဝါရီ ၁၇ရက်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးလမ်းထောင့်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ တစ်ပြိုင်တည်း ရန်ကုန်မြို့ရှိ အရေးကြီး နေရာများအား လုပ်ကြံဖျက်ဆီးဖောက်ခွဲရန် စီမံဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော် အစိုးရ၏ လုံခြုံရေး တင်းကျပ်မှုကြောင့် ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
၎င်းအပြင် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ AASYC အဖွဲ့ ဝင် ဖြစ်သော ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ရတနာလမ်း၊ အမှတ် (၁၅)ပထမထပ်နေ ရဲထက်စိုးအား ဖောက်ခွဲရေး လုပ်ငန်းသုံး(၁၂)လက်မအရှည် ဃ-၄ ယမ်းတောင့် (၈)တောင့်၊ ဂြိုဟ်တုဖုန်း (၁)လုံးနှင့်အတူ ၂ဝဝ၉ခုနှစ် စက်တင်ဘာ ၄ရက်တွင်လည်းကောင်း၊ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ၈ရပ်ကွက်၊ စိန်ရတနာလမ်း၊ အမှတ်(၉)နေ ထွန်းလင်းကျော်အား ဂြိုဟ်တုဖုန်း(၁)လုံးနှင့်အတူ ၂ဝဝ၉ခုနှစ် စက်တင်ဘာ ၅ရက်တွ င် လည်းကောင်း၊ စစ်တွေမြို့၊ ဓညဝတီရပ်ကွက်၊ စကြာမဏိလမ်းနေ နိုင်စိုး(ခ)မဲလုံးအား (၃ ဒသမ၅)လက်မ အရှည် ဃ-၄ ယမ်းတောင့် (၆)တောင့်၊ လျှပ် စစ်ဒီတိုနေတာ(၁၁)ချောင်းနှင့်အတူ ၂ဝဝ၉ခုနှစ် စက်တင်ဘာ ၁၂ရက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖောက်ခွဲရေးလုပ်ငန်း
အဆိုပါဖမ်းဆီးရမိ AASYC အဖွဲ့ဝင်များသည် ABSDF သောင်းကျန်းသူအဖွဲ့နှင့် ချိတ်ဆက်ပြီး အဖျက်စွမ်းအား ကြီးမား လှသည့် ဖောက်ခွဲရေးလုပ်ငန်းများကို အကြိမ်ကြိမ်ဆောင်ရွက်ရန် စီမံဆောင်ရွက်ထားရှိကြောင်း ဖော်ထုတ် သိရှိခဲ့ရသည်။ ၄င်းအပြင် မကဒအဖွဲ့ဝင်ဟောင်း ညီညီအောင် (ခ) ကျော်ဇောလွင် (ဘ) ဦးအောင်ဒင် ကိုလည်း ABSDF နှင့် AASYCအဖွဲ့တို့၏ အကြမ်းဖက် ဖောက်ခွဲမှုများနှင့်အတူ ပြည်တွင်း၌ဆူပူမှုများ အချိန်ကိုက် ဆောင်ရွက်နိုင် ရန် ၂ဝဝ၉ ခုနှစ် စက်တင်ဘာ ၃ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။
ညီညီအောင်သည် ၈၈ အရေးအခင်း ကာလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီ လှုပ်ရှားမှု အစည်းအရုံး(မကဒ)ဗဟိုစည်းရုံးရေးအဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တာဝန်ယူပြီးနောက် အခြား မကဒ အဖွဲ့ဝင်များနှင့်အတူ ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့ပြီး ABSDF တပ်ရင်း (၁ဝ၂)တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၁၉၉ဝ ပြည့်နှစ် ဇန်နဝါရီတွင် ဗန်ကောက်မြို့ UNHCR ရုံး၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အသိအမှတ်ပြု လက်မှတ် ရယူခဲ့ကြောင်း၊ ၎င်းလက်မှတ် ရရှိသူများ စုစည်း၍ လူမှုစောင့်ရှောက်ရေးကော်မတီ ဖွဲ့စည်းပြီး အစိုးရဆန့်ကျင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၉၂ခုနှစ်တွင် ထိုင်းနိုင်ငံ လဝကရုံးရှေ့၌ ဆန္ဒပြခဲ့ ရာ ဖမ်းဆီးအရေးယူခြင်းခံခဲ့ရပြီး ထိုင်းနိုင်ငံ၌ ထောင်ဒဏ်(၁)နှစ် ကျခံခဲ့ရကြောင်း၊ ၁၉၉၃ ခုနှစ်တွင် ထောင်မှလွတ်မြောက်ပြီး Oversea National Students Organization of Burma (ONSOB) အဖွဲ့တွင် အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းနောက် ၁၉၉၄ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် UN ဒုက္ခသည် လက်မှတ်ဖြင့် အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး ၂ဝဝ၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသား ခံယူခဲ့ကြောင်း သိရှိရသည်။
အဓိကလှုပ်ရှား
ညီညီအောင်သည် အမေရိကန်နိုင်ငံ၌ နေထိုင်စဉ် Network for Democracy adn Development (NDD) မှ ခင်ဥမ္မာ၊ Forum for Democracy in Burma (FDB) မှ ဒေါက်တာနိုင်အောင်၊ ဇော်ဇော်တို့အပါအဝင် မြန်မာနိုင်ငံမှ တိမ်းရှောင်ရောက်ရှိနေသူများ စုစည်းပြီး မြန်မာအစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တက်ကြွစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းအပြင် အမေရိကန်နိုင်ငံသား လက်မှတ် ကိုင်ဆောင်ပြီး လူမှုရေးဗီဇာ (အသုံးပြု၍ ၂ဝဝ၅ခုနှစ် နိုဝင်ဘာမှ ၂ဝဝ၉ခုနှစ် စက်တင်ဘာအတွင်း (၈)ကြိမ် တိုင်တိုင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ယင်းသို့ ဝင်ရောက်လာသည့် အခါများတွင် ၈၈မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များဖြစ်သော မင်းကိုနိုင်၊ ဌေးကြွယ်၊ မင်းဇေယျ၊ အံ့ဖွ ယ်ကျော်၊ လှမျိုးနောင်၊ သန်းတင့်၊ အောင်သူတို့နှင့်တွေ့ဆုံ၍ အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ရန်အတွက် ပြည်ပရှိ အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူများနှင့် ချိတ်ဆက်ပေးပြီး သတင်းဖလှယ်ခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်း၊ အမာခံမွေးမြူခြင်းတို့ကို အဓိက လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ညီညီအောင်၏ ထွက်ဆိုချက်များအရ အမေရိကန်ရှိ မြန်မာအစိုးရဆန့်ကျင်ရေး အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များထံမှ ငွေကြေးထောက်ပံ့မှုများ ရရှိခဲ့ ပြီး FDB မှ ဒေါက်တာ နိုင်အောင်၏ အစီအစဉ်ဖြင့် ညီညီအောင်မှ တာဝန်ခံ၍ ပြည်တွင်းသို့ ငွေလွှဲပြောင်း ပေးပို့ခဲ့ကြောင်း၊ ၂ဝဝ၅ခုနှစ် နိုဝင်ဘာအတွင်း ငွေကျပ် သိန်း (၃ဝ)နှင့် ဂြိုဟ်တုဖုန်း(၂)လုံး၊ ၂ဝဝ၇ခုနှစ် မတ် (၂၃)ရက်တွင် တိုက်ခန်းငှားရမ်းရန်နှင့် ကွန်ပျူတာ၊ တယ်လီဖုန်း ဝယ်ယူရန် အတွက် ငွေကျပ်သိန်း (၂ဝဝ)တို့ကို ဌေးကြွယ်ထံသို့ လည်းကောင်း၊ ၂ဝဝ၇ခုနှစ် သြဂုတ်မှ စက်တင်ဘာအတွင်း ၎င်း၏ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းတင့်မှတစ်ဆင့် ဌေးကြွယ်ထံသို့ ငွေကျပ် (၂၆၂)သိန်းနှင့် အောင်မျိုးတင့် (ခ)မျိုးကြီးမှ တစ်ဆင့် ဌေးကြွယ် ထံသို့ ငွေကျပ် (၂၈)သိန်းကိုလည်းကောင်း၊ ၂ဝဝ၈ ခုနှစ် ဧပြီ ၂၉ရက်တွင် အဖွဲ့ဝင်များအား MP-3 (၃)လုံးနှင့် ငွေကျပ် (၁)သိန်းကိုလည်းကောင်း၊ မတ် ၁၃ရက် ဘုန်းမော်နှစ်ပတ်လည်နေ့၌ လမ်းပေါ်ဆန္ဒပြပွဲ ပြုလုပ်ရန် ငွေကျပ် (၃၅)သိန်းကိုလည်းကောင်း၊ ၂ဝဝ၈ ခုနှစ် မေ ၂၅ရက်တွင် Ecovasion ဂျာနယ် သတင်းထောက် အိမ့်ခိုင်ဦးအတွက် ငွေကျပ် (၂၅)သိန်းကို လည်းကောင်း ထောက်ပံ့ မှုများပြုလုပ်ပေးခဲ့ပြီး တစ်နှစ်လျှင် ၎င်းထံမှ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာအားဖြင့် (၅) သောင်းကျော် ရှိကြောင်း သိရှိ ရသည်။
၎င်းအပြင် ညီညီအောင်သည် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီ လဆန်းတွင် FDB မှ ဒေါက်တာနိုင်အောင်၊ Democratic Party for a New Society (DPNS) မှ အောင်မိုးဇော်တို့နှင့်အတူ KNU တပ်မဟာ(၄) နှင့် တပ်မဟာ(၆) နယ်မြေ များသို့ သွားရောက်ခဲ့ပြီး လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်း တစ်ခုအပေါ် နိုင်ငံကြီး တစ်နိုင်ငံ၏ အရှိန်အဝါကို သုံးလျက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထောက်ပံ့ပေးခဲ့
ညီညီအောင်သည် ပြည်တွင်း၌ ဆူပူလှုပ်ရှားမှုများ ဖြစ်ပေါ်စေရန် ပြည်တွင်း/ ပြည်ပ ချိတ်ဆက်လှုပ်ရှားမှုများကို လုပ်ဆောင်ရာတွင် FDB မှ ဒေါက်တာနိုင်အောင်၏ စီစဉ်မှုအရ ၂ဝဝ၈ ခုနှစ် အောက်တိုဘာလကုန်ခန့်တွင် မဲဆောက်မြို့၌ ပြည်တွင်းမှ တိမ်းရှောင်လာသည့် ဦးဣဿရိယနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဦးဣဿရိယ၏ အဆက်အသွယ်များမှတစ်ဆင့် ပြည်တွင်းမှ သံဃာများအား စည်းရုံးရေးအတွက် သံဃာဦးအဂ္ဂဆိုသူအား ဘတ် (၂၄ဝဝဝ)နှင့် MP-4 (၃)လုံး ထောက်ပံ့ ပေးခဲ့ ကြောင်း၊ ၎င်းနောက် ဦးဣဿရိယသည် ၂ဝဝ၉ခုနှစ် သြဂုတ် လဆန်းပိုင်းတွင် မြေလတ်သံဃာ့ဝိဇ္ဇာအဖွဲ့မှ ဦးရေဝတကို မဲဆောက်၌ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ရာ ညီညီအောင်၏ အစီအစဉ်ဖြင့် Laptop ဝယ်ရန် ဘတ်ငွေ (၂ဝဝဝဝ)ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံခဲ့
၂ဝဝ၉ခုနှစ် ဇွန် ၂၅ရက်တွင် Swedish Burma committee (SBC) အဖွဲ့မှ Ms. Karin, Ms. Matilda နှင့် သံဃာ့တပ်ပေါင်းစုမှ ဦးဣဿရိယ၊ ဦးသောပါက၊ မကဒမှ ညီညီအောင်၊ GW အဖွဲ့မှ ဝင်းထွဋ်(ခ) မင်းရန်နိုင်၊ မိုးသွေး(ခ)လင်းလင်း၊ NDD အဖွဲ့မှ စိုင်းမြင့်သူ၊ စောသန်းလှိုင် ၊ ကချင်ကျောင်းသားလူငယ်အဖွဲ့မှ လီယိုနတ်၊ ရခိုင် ကျောင်းသားလူငယ်အဖွဲ့မှ ဝင်းအောင်တို့ တွေ့ဆုံခဲ့ကြောင်း၊ ၎င်းတို့၏ အစီအစဉ်အရ သံဃာလှုပ်ရှားမှု အတွက် သံဃာများစုစည်းရန် လွယ်ကူသည့် ၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၃ရက် (သီတင်းကျွတ် လပြည့်နေ့)တွင် ပဝါရဏာပွဲမှ တစ်ဆင့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မည့် အစီအစဉ်များကို ညီညီအောင်မှ စီစဉ် ရေးဆွဲ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုကြီး (AMBU)က ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်း တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲပြုလုပ်စဉ် သံဃာများနှင့် လူထုမှ ဝိုင်းရံပေးရန်နှင့် သံဃာ အဖွဲ့ခွဲများကို ရန်ကုန်၊ ပဲခူး၊ ရခိုင်နှင့် မန္တလေးတို့တွင် ဖွဲ့စည်းပြီး ဖြစ်ကြောင်း တို့ကို အင်တာနက်မှ တစ်ဆင့် သတင်း ထုတ်ပြန်ခဲ့သည်။ ညီညီအောင်၏ အစီအစဉ်အရ ဦးဣဿရိယသည် ၂ဝဝ၉ခုနှစ် သြဂုတ် လဆန်းပိုင်းတွင် သံဃာလှုပ်ရှားမှုများကို ပိုမို အရှိန်မြှင့် လုပ်ဆောင်နိုင်ရန်အတွက် FDB မှ ကျော်ထက်၊ ဇော်ထွန်း၊ ငွေလင်းတို့ သုံးဦးနှင့် တွေ့ဆုံ၍ FDBအဖွဲ့မှ ကူညီပံ့ပိုးမည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။
စည်းရုံးဆက်သွယ်
ညီညီအောင်သည် ပြည်တွင်း/ပြည်ပ အစိုးရ ဆန့်ကျင်သူများ၏ လှုံ့ဆော်မှုဖြင့် သံဃာတု၊ သံဃာယောင်များ ပါဝင်သည့် သံဃာလှုပ်ရှားမှုတစ်ရပ် ဖြစ်ပေါ်လာစေရန် ပြည်တွင်းသံဃာ လှုပ်ရှားမှု တာဝန်ခံများ ဖြစ်သည့် ဝင်းဇော်နိုင်(ခ) ရွှေညာသား၊ ဦးရေဝတ(ခ) ရဲမင်းနောင်တို့နှင့် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ဝင်းဇော်နိုင်(ခ)ရွှေညာသားသည် ၄င်း၏ ဇာတိဖြစ်သော ပွင့်ဖြူဒေသ NLD များနှင့် ၂ဝဝ၈ ခုနှစ် မတ်လခန့်မှစ၍ အဆက်အသွယ်များ ပြုလုပ်ထားခဲ့ပြီး အစိုးရ ဆန့်ကျင်မှုများ ရှိလာပါက NLD ပါတီဝင် များမှ လိုက်ပါ ဆောင်ရွက်ပေးရန် စီစဉ် ထားရှိကြောင်း၊ ၄င်းအပြင် ဦးရေဝတကလည်း ပခုက္ကူ၊ ရေနံချောင်း၊ ချောက်၊ မကွေး၊ ကျောက်ပန်းတောင်း ဒေသများရှိ သံဃာများကိုအခြေခံ၍ မြေလတ်ချိတ် အဖွဲ့ကို ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီတွင် ဖွဲ့စည်း ထားခဲ့ကြောင်း၊ ၄င်းအဖွဲ့ကို မြေလတ် သံဃာ့သမဂ္ဂ ဝိဇ္ဇာအဖွဲ့ဟု သတ်မှတ်ခဲ့ပြီး ဦးဆောင်သံဃာ ငါးပါးဖြင့် ရန်ကုန်၊ မန္တလေး၊ မိုးကုတ်ဒေသများရှိ သံဃာများကိုပါ စည်းရုံးဆက်သွယ်ခဲ့ကြောင်း သိရှိရသည်။
ညီညီအောင်သည် သံဃာထုအတွင်း စည်းရုံးပြီးနောက် ၂ဝဝ၈ ခုနှစ် ဇူလိုင်တွင် GW အဖွဲ့မှ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်တိုက်နယ်နေ ပဲပဲ (ခ) ရဲကျော်သူနှင့် ကောင်းကောင်း(ခ)ဇော်ဝင်းမြင့်တို့မှတစ်ဆင့် ပြည်၊ ဥသျှစ်ပင်၊ အောင်လံ၊ တောင်ကုတ်မြို့များမှ လူငယ်အချို့အား စည်းရုံးဆောင်ရွက်ခဲ့သည်။ ၂ဝဝ၉ ခုနှစ် ဇူလိုင်တွင် ညီညီအောင်၏အစီအစဉ်အရ ပဲပဲ(ခ)ရဲကျော်သူသည် ဗမာနိုင်ငံလုံးဆိုင်ရာ လွတ်မြောက်ရေး တပ်ပေါင်းစု အဖွဲ့အား ဦးဆောင် ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့တွင် GW အဖွဲ့ဝင်များအပြင် NLD ပါတီဝင်များ၊ သံဃာများ၊ အခြား နိုင်ငံများရှိ အင်အားစုများ စုပေါင်းပါဝင်လာစေရန် စည်းရုံး ဆောင်ရွက်ခဲ့သည်။
အဓိကလုပ်ဆောင်
ညီညီအောင်သည် GW အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့သူများတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး GW အဖွဲ့ကို အဓိက ငွေကြေး ထောက်ပံ့နေသူ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ABSDFမှ အောင်ကျော်ဦးနှင့်ပူးပေါင်း၍ အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကို စီစဉ်ခဲ့ပြီး GW အဖွဲ့ လှုပ်ရှားမှုနှင့်အတူ သံဃာများကို အခြေခံစည်းရုံး၍ ၂ဝဝ၉ခုနှစ် စက်တင်ဘာတွင် သံဃာ လှုပ်ရှားမှုမှတစ်ဆင့် လူထုအုံကြွမှု ဖြစ်ပေါ်စေရန် အဓိက လုပ်ဆောင်ခဲ့ကြောင်း၊ ညီညီအောင်သည် ပြည်တွင်း သံဃာလှုပ်ရှားမှုများ ပေါ်ပေါက်စေရန် အတွက် အကြံပေးခြင်း၊ ဆွေးနွေးခြင်းများ အပြင် ထောက်ပံ့ငွေများ ရရှိအောင်လည်း ဆောင် ရွက်ခဲ့သူ ဖြစ်ကြောင်း သိရှိရသည်။
အထက်ပါ ဖြစ်စဉ်များအရ ညီညီအောင်သည် ပြည်တွင်းသံဃာလှုပ်ရှားမှုများ ဖြစ်ပေါ်စေရန်အတွက် အကြံပေးချိတ်ဆက် စည်းရုံးထောက်ပံ့ ပေးခဲ့သည့်ပြင် GW အဖွဲ့နှင့် NLD အဖွဲ့များ ပြည်၊ အောင်လံ တစ်ဝိုက်တွင် ဆူပူလှုပ်ရှားနိုင်ရန် လှုံ့ဆော်စည်းရုံး ဆောင်ရွက် ပေးခဲ့သူလည်း ဖြစ်သည်။ ထိုမျှမက ပြည်ပနိုင်ငံများရှိ အစိုးရဆန့်ကျင်သူ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံမှ ငွေကြေးများ စုဆောင်းရယူပြီး ပြည်တွင်းရှိ ၎င်းတို့၏ အမာခံများကို အဓိက ထောက်ပံ့မှု ပြုလုပ်ပေး နေသူလည်း ဖြစ်သည်။
ABSDF အဖွဲ့ဝင် ဖြစ်ခဲ့သူ ညီညီအောင်(ခ) ကျော်ဇောလွင်သည် ABSDF အဖွဲ့မှ အောင်ကျော်ဦး၊ FDBမှ ဒေါက်တာ နိုင်အောင်တို့နှင့် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်လျက်ရှိခြင်း၊ ABSDF အဖွဲ့သည် AASYC အဖွဲ့မှ ဖောက်ခွဲရေး သမားများနှင့် ချိတ်ဆက်နေခြင်း တို့ကြောင့် ညီညီအောင်သည် ဆူပူလှုပ်ရှားမှုများ စီစဉ်သူ ဖြစ်ရုံမျှမက ဖောက်ခွဲရေး လုပ်ငန်းများအတွက်ပါ တာဝန်မကင်းသူ တစ်ဦး ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
ပုံဖော်လုပ်ဆောင်
၂ဝဝ၉ခုနှစ် စက်တင်ဘာ ၁၆ရက် ည (၁၁)နာရီ (၄၅)မိနစ်မှ ၁၇ရက် နံနက် (၁)နာရီခွဲအထိ ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်၊ ရွှေပေါက်ကံစက်မှုဇုန်၊ မင်္ဂလာဒုံ စက်မှုဇုန်များတွင် ပေါက်ကွဲမှု (၇)ကြိမ် ဖြစ်ခဲ့ပြီး ချိန်ကိုက်ဗုံး (၂)လုံးအား အချိန်မီ တွေ့ရှိ ရှင်းလင်းနိုင်ခဲ့သည်။ အထက်ပါ ဗုံးပေါက်ကွဲ မှုများ၏ ရည်ရွယ်ချက်မှာ ကုလသမဂ္ဂ ညီလာခံ ကျုင်းပနေချိန်တွင် ဆူပူ လှုပ်ရှားမှုများ၊ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ ဆောင်ရွက်ကာ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် အာရုံ စိုက်လာအောင် ပုံဖော် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
ဆက်လက်ဆောင်ရွက်
သို့ဖြစ်၍ ပြည်ပနိုင်ငံသား ခံယူပြီး မိမိနိုင်ငံနှင့် လူမျိုးအပေါ် သစ္စာမဲ့စွာဖြင့် သံဃာနှင့်အတူ လူထု ဆူပူအုံကြွမှုများ ဖြစ်ပွား ပေါ်ပေါက်စေရန်နှင့်  ပြည်တွင်း၌ ဖောက်ခွဲဖျက်ဆီးမှုများ ဖြစ်ပွားစေရန် စီစဉ် ချိတ်ဆက် ဆောင်ရွက်ခဲ့သူ ညီညီအောင်(ခ) ကျော်ဇောလွင်နှင့် ဖမ်းဆီးရမိထားပြီး ဖြစ်သော ၎င်း၏ ပြည်တွင်း အဆက်အသွယ် များအား ဥပဒေကြောင်း အရ ဆက်လက် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ကွင်းဆက် တရားခံများ ဖမ်းဆီး ရမိရေးအတွက် လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
(၂၄-၉-၂၀၀၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၆ မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)
ကိုမိုး မှ ဟာသကို ဖြန့် ဝေတာပါ။
No comments:
Post a Comment