Thursday, September 24, 2009

စစ်အစိုးရနဲ့ပူးပေါင်းသွားတဲ့ သစ္စာဖောက် ကိုထွတ်

အာအက်ဖ်အေ |

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ အဖွဲ့အစည်း တချို့မှာ ဝင်ရောက် လှုပ်ရှားနေတဲ့ ကိုထွတ် ဆိုသူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မြဝတီမြို့က တဆင့် မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်ကို ပြန်လည် ပူးပေါင်း သွားတယ်လို့ သတင်း ရရှိပါတယ်။ ဒါကြောင့် သူ့ဆီက ရရှိတဲ့ သတင်းအချက် အလက် တချို့ကို အခြေခံပြီး စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူ တချို့ကို လိုက်လံ ဖမ်းဆီး နေတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ ကျောင်းသားတဦးက သူသိထားတာကို အခုလို ပြောပါတယ်။

ပြည်တွင်းမှ ကျောင်းသား။ ။“အလုပ်သမားအုပ်စု တအုပ်စုပါတယ်။ အရင်တုန်းက New Wave တို့ ဘာတို့မှာ ဆန္ဒပြတဲ့သူတွေပေါ့။ အဲဒီလူတွေထဲက နှစ်ယောက်ကတော့ ပြန်လွှတ်လိုက်ပြီ၊ တယောက်ကတော့ ကျန်နေတုန်းပဲ။ နောက်တခြား ဘုန်းကြီးအုပ်စုတွေ ပါတယ်။ MDC က လူတချို့ ပါတယ်။ ၂ဝဝ၇ အဟောင်းတွေ ပြန်ခေါ်စစ်တယ်။ အဓိက မြေသြဇာနဲ့ Generation အဖွဲ့တွေ။ တချို့တွေ ခေါ်သွားပြီး မေးနေကြတယ်။ ဒီမှာ အခြေအနေ နည်းနည်း ရှုတ်ထွေးနေတယ်“


စစ်အစိုးရနဲ့ ပူးပေါင်းသွားတဲ့ ကိုထွတ် ဆိုသူဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က မဲဆောက်မြို့က မြန်မာအလုပ်သမားတဦး ဖြစ်ပြီး ရပိုင် ခွင့်တွေအတွက် ထိုင်းအလုပ်ရှင်ကို တရားစွဲတဲ့ အုပ်စုတခုမှာ ပါဝင်ခဲ့ဖူးသူ ဖြစ်ကြောင်း၊ အဲဒီနောက် မြန်မာ အလုပ်သမားအရေးတွေ ဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှာ ဝင်ရောက် လှုပ်ရှားဖူးကြောင်း၊ ရောင်ခြည်ဦးအဖွဲ့က သူ့ကို ထုတ်ပစ်လိုက်တဲ့နောက်မှာ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ HREIB အဖွဲ့မှာ သွားရောက် လှုပ်ရှားခဲ့ကြောင်း၊ အခုတော့ လွန်ခဲ့တဲ့ လေးရက် လောက်က မြဝတီမြို့မှာရှိတဲ့ စစ်အစိုးရ အာဏာပိုင်တွေဆီ သွားပြီး ပူးပေါင်း လိုက်တာ ဖြစ်ကြောင်း၊ သူ့ဆီမှာ မဲဆောက်မြို့မှာ လူ့အခွင့်အရေး သင်တန်းပေးနေတဲ့ ဗွီဒီယို မှတ်တမ်းတင် ခွေတခွေ ပါသွားကြောင်း စုံစမ်းသိရှိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ဝင် တဦးကလည်း ကိုထွတ် စစ်အစိုးရနဲ့ ပူးပေါင်း သွားတဲ့ သတင်းကို သူလဲ ကြားတယ်လို့ ဆိုပါတယ်။

HREIB အဖွဲ့ရဲ့ ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းကို ဆက်သွယ် စုံစမ်းကြည့်တဲ့ အခါမှာ ဒီသတင်း ဟုတ်မှန်ကြောင်း ပြောပေမယ့် မှတ်ချက် တစုံတရာ မပေးပါဘူး။ RFA သတင်းကပါ။

No comments:

Post a Comment