သုံးယောက်ပေါင်းလို့ ၁ဝ တန်းမပြည့်တဲ့လူတွေ အများစုနဲ့ ဖွဲ့ထားတဲ့ အဖွဲ့က နိုင်ငံကိုအုပ်ချူပ်ခြင်သေးတယ်ပေါ့.....
ကန္တာရ၀တီတိုင်း(မ်)/ စက်တင်ဘာ ၁၀၊ ၂၀၀၉
၂၀၁၀ ရွေးကောက်ပွဲတွင် ထောက်ခံမဲများ ရရှိစေရေးအတွက် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့မှ ကယန်းပြည်သစ်ပါတီ ထိန်းချုပ်သော နယ်မြေဒေသတွင် လိုင်းကားများ မောင်း၍ စည်းရုံးရေး ဆင်းနေသည်။
ကရင်နီပြည် လွိုင်ကော်မြို့မှ ကယန်းပြည်သစ်နယ်မြေများ ဖြစ်သည့် ဆီးဘူးနှင့် ဖယ်ခုံဒေသဘက်တွင် စက်တင်ဘာလ ၃ ရက်နေ့မှ စတင်ကာ ကြံ့ဖွံ့လိုင်းကား သုံးစီးဖြင့် ပြေးဆွဲ၍ ဒေသခံများအကြား ၂၀၁၀ ရွေးကောက်ပွဲအတွက် ထောက်ခံရန်
စည်းရုံးရေး ဆင်းနေပြီး ကယန်းပြည်သစ်ပါတီ၏ လှုပ်ရှားမှုများကိုလည်း တပါတည်း စုံစမ်း ထောက်လှမ်းနေသည်ဟု သိရသည်။
“ဒီနေရာမှာ ကယန်းပြည်သစ် ဌာနချုပ်ရှိနေတာကိုး။ နောက် သူတို့က ကယန်းပြည်သစ်ဌာနချုပ်မှာ အဝင်အထွက် သူတို့ကပေါ့နော်။ ကယန်းပြည်သစ် ဘာလုပ်နေလဲ စသဖြင့်ပေါ့နော်။ သူတို့က စုံစမ်းချင်တယ်၊ လေ့လာချင်တယ် ဆိုတဲ့ အနေအထားမျိုးလည်း သုံးလို့ ရတယ်” ဟု ကယန်းပြည်သစ်မှ အဖွဲ့ဝင်တဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၀၈ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲများ ရရှိရန် ကြံ့ဖွံ့အဖွဲ့မှ ဆီးဘူးဒေသတွင် အိုင်ပီစတားခေါ် အင်တာနက် ဆက်သွယ်ရေး စက်များ ချပေးခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက်ကိုမူ ယခုလိုလိုင်းကားများ ဆွဲခြင်းဖြင့် လူထုအကြား လိုက်လံ စည်ရုံးနေခြင်း ဖြစ်သည်။
ကယန်းပြည်သစ်ပါတီသည် စစ်အစိုးရမှ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခြင်းကို မည်သို့မျှ တုန့်ပြန်ခြင်း မရှိသေးသည့်အတွက် ပါတီ၏ လှုပ်ရှားမှုများကို အနီးကပ် စုံစမ်းနိုင်ရန် ယခုလို လိုင်းကားများ ဆွဲခြင်းဖြင့် အကြောင်းပြ၍ လေ့လာစောင့်ကြည့်နေခြင်း ဖြစ်နိုင်သည်ဟု ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ အမည်မဖေါ် လိုသည့် တာဝန်ရှိသူတဦးက ပြောသည်။
ကြံ့ဖွံ့လိုင်းကားများ ၀င်လာမှုကြောင့် ဒေသတွင်း ပြေးဆွဲနေကျ ပုဂ္ဂလိက လိုင်းကားများအဖို့ အခက်အခဲများ ရှိလာသည်ဟု သိရသည်။
“ခုက လိုင်းကားသစ်နဲ့ ပြေးဆွဲနေတာပေါ့လေ။ အရင်လ သူတို့ ပြေးဆွဲတာ မရှိသေးဘူးလေ။ ခုက ပြေးဆွဲနေတာပေါ့လေ။ အဲလို ပြေးဆွဲတာက အရင်က ပြေးဆွဲနေတဲ့ ပုဂ္ဂလိက ယဉ်သမားက အဲဒါကို ဒုက္ခ ရောက်နေတယ်။ ဘာဖြစ်လဲဆို ကြံ့ဖွံ့တွေက လိုင်းကား သုံးစီးနဲ့ လုပြေးနေရသလို ဖြစ်နေတယ်” ဟု ဆီးဘူးမှ လွိုင်ကော်သို့ ပြေးဆွဲနေသော လိုင်းကားသမားနှင့် နီးစပ်သူတဦးက ပြောသည်။
စစ်အစိုးရမှ ဖွဲ့စည်းထားသော ကြံ့ဖွံ့အဖွဲ့သည် အဖွဲ့ဝင်ပေါင်း ၂၄.၆ သန်းခန့် ရှိပြီး မြန်မာနိုင်ငံ၏ လူဦးရေ စုစုပေါင်း ၅၇ သန်း၏ ထက်ဝက်နှင့် ညီမျှနေသည်။
No comments:
Post a Comment