Monday, August 10, 2009

ယက်တော ကျန်းမာရေး ကောင်းမွန်လာ

နန်းဒေဝီ တနင်္လာနေ့၊ သြဂုတ်လ 10 ရက် 2009 ခုနှစ် 20 နာရီ 09 မိနစ်

နယူးဒေလီ (မဇ္စျိမ)။ ။ ဒေါ်စုနေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ မစ္စတာ ဂျွန်ယက်တောသည် ရန်ကုန် ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှု ခံယူနေရာမှ သက်သာလာပြီ ဖြစ်သည်။

အင်းစိန်ထောင်အတွင်း ပြီးခဲ့သည့်တပတ် တနင်္လာနေ့တွင် မူးလဲခဲ့သဖြင့် ဆေးရုံ တက်ရောက် ကုသနေခဲ့ရသည်။
“အမေရိကန် ကောင်စစ်ဝန်ရုံးက ကျနော့်ကို ဒီနေ့ညနေ ၃ နာရီမှာ အကြောင်းကြားလာပါတယ်။ မစ္စတာ ယက်တော သက်သာလာပြီ။ မနက်ဖြန်အတွက်တော့ အဆင်ပြေမယ်လို့ ပြောပါတယ်” ဟု ရှေ့နေ ဦးခင်မောင်ဦးက မဇ္စျိမကို ပြောသည်။

မစ္စတာယက်တောသည် ဆီးချို၊ သွေးတိုးအပြင် ယခုနောက်ဆုံး ဝက်ရူးပြန်ရောဂါတို့ဖြင့် ဆေးရုံတက်ရခြင်း ဖြစ်သည်။

ဗီယက်နမ် စစ်ပြန်သည် ယခုနှစ် မေလဆန်းတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် တရားစွဲဆိုခံကြရကာ၊ မနက်ဖြန်တွင် စီရင်ချက်ချမည်ဟု တရားရုံးက ချိန်းဆိုခဲ့သည်။

သို့သော် သူသည် ရုတ်တရက် နေထိုင်မကောင်းဖြစ်ကာ ဆေးရုံတက်ရသဖြင့် စီရင်ချက်ချမည့်အပေါ် တရားရုံးက ထပ်မံ၍ ရက်ပြောင်းရွှေ့နိုင်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။

ရှေ့နေ ဦးခင်မောင်ဦးက “ကျနော်တို့ မနက်ဖြန် ရုံးကို သွားရမယ်။ ဟိုဘက်ကော၊ ဒီဘက်ကော ၂ ဖက်စလုံး လာရမှာ” ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်နှင့် ဒေါ်စု၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကလည်း “ယက်တော ရုံးရှေ့ကို ရောက်တယ်၊ အားလုံးလည်း စုံတယ်ဆိုရင် တရားရုံးက ချိန်းထားတာကိုက အမိန့်ချမှတ်ဖို့။ အမိန့် ချမှတ်လိမ့်မယ်လို့ ကျနော်တို့ မျှော်မှန်းတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ကျနော်တို့ မျှော်လင့်ချက်ကတော့ လုံးဝ တရားသေလွှတ်ရမယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုကို ကျူးလွန်သည်ဟု တရားရုံးက ဆုံးဖြတ်ပါက ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရဖွယ် ရှိသည်။
့http://www.mizzimaburmese.com/news/inside-burma/3553-2009-08-10-13-52-42.html

No comments:

Post a Comment