
နအဖ စစ်အုပ်စုက အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းကို တရားမဲ့ ခံခဲ့ရပြီး ယခု ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် အကျယ်ချုပ်မှလွှတ်ပေးရမည့် အစား နေအိမ်မှ အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်း ခံရကာ တဘက်သပ် တရားစွဲဆိုခြင်း ခံနေရ သည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဘာသာ ပေါင်းစုံ ဆုတောင်း မေတ္တာ ပို့ပွဲ တရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးစီးကာ La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တွင် ၂၀၀၉ ခုနှစ် မေလ ၃၁ ရက် တနင်္ဂနွေနေ့က ညနေ ၆ နာရီမှ ၉ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ LA နှင့် အနီး တ၀ိုက်ရှိ မြို့များမှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစား ကြသော ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ အစ ရှိသည့် ဘာသာဝင်ပေါင်းစုံ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ လာရောက် စုရုံးကာ အတူတကွ ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။
ဒီမိုကရေစီရရှိရေးတိုက်ပွဲစဉ် တလျှောက်လုံးတွင် အသက်ပေးလှူခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်အပေါင်းအား တမိနစ် ငြိမ်သက်ခြင်းဖြင့် ဦးညွှတ် အလေး ပြုကာ အခမ်းအနားကို စတင်ခဲ့ပြီး LA Organizers 4 Burma အဖွဲ့၏ ဦးဆောင်သူ တဦး ဖြစ်သည့် ကိုပြေငြိမ်းက ကျေးဇူးတင် စကားနှင့် အမှာ စကား ပြောကြားခဲ့သည်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်က ဗုဒ္ဓဘာသာထုံးစံအရ ငါးပါး သီလ ပေးပြီးနောက် ဒေါ်ဆောင်ဆန်းစုကြည် အပါအ၀င် မြန်မာပြည်သူပြည်သား တရပ်လုံး ဘေး အန္တရာယ် ကင်းရှင်းစေရေး အတွက် မေတ္တာသုတ်လာ မေတ္တာပွားနည်း (၁၁) နည်းကို သုံးကြိမ် စုပေါင်း ရွတ်ဆိုကြပြီး ဆုတောင်းကြသည်။ ထို့နောက် အစ္စလာမ်ဘာသာ ထုံးစံအရ ဆုတောင်းခြင်းကို ဆရာ ဟာဂျီဇော်မင်းထွန်းက ဦးဆောင် ဆုတောင်းခဲ့ပြီး ခရစ်ယာန်ဘာသာ ထုံးစံအရ သိက္ခာတော်ရဆရာ ဦးသန်းဦးက သမ္မာကျမ်းစာလာ ကျမ်းချက်အချို့ကို ဖတ် ကြားပြီး ဆုတောင်းခဲ့သည်။ ဆုတောင်းခြင်းများ ပြီးဆုံးသည့်အခါ ဒေါ်အောင်ဆန်းစုကြည် အတွက် “မသဒ္ဓါ” ရေးသားခဲ့သည့် “ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟူသည့် ကဗျာကို မလေးနိုင်အိက ခံစားချက်အပြည့်ဖြင့် ရွတ်ဆိုသွားခဲ့သည်။ ထို့နောက် LA Organizers 4 Burma အဖွဲ့၏ ဦးဆောင်သူတဦးဖြစ်သည့် ကိုသူရထွန်းမော်က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။
http://aungthange.blogspot.com/2009/05/blog-post_31.html

No comments:
Post a Comment