Thursday, June 18, 2009

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖြန့်သူများ ဗုံးဖောက်ခွဲမှုဖြင့် တရားစွဲခံရနိုင်

Wednesday, 17 June 2009 19:41 အေးလဲ့
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖြန့်ဝေမှုဖြင့် သောကြာနေ့က ဖမ်းဆီးခံထားရသော ရန်ကုန်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် အဖွဲ့ဝင် ၃ ဦးသည် ဗုံးဖောက်ခွဲမှုဖြင့် ရုံးတင် တရားစွဲခံရဖွယ်ရှိကြောင်း ရှေ့နေတဦးက ပြောသည်။

အာဏာပိုင်များက ထို ၃ ဦးကို တနင်္လာနေ့၌ ဗဟန်းမြို့နယ် ရဲစခန်းတွင် ယမန်ယူပြီး ဖောက်ခွဲရေး ပုဒ်မ များဖြင့် အမှုဖွင့်ကာ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်သည်ဟု သိရကြောင်း အဆိုပါ အမည်မဖော်လိုသူ ရှေ့နေက ပြောသည်။

၎င်းတို့ကို လာမည့် ၂၅ ရက်နေ့၌ စမ်းချောင်းမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးမည် ဟု ဆိုသည်။

ထိန်းသိမ်းခံထားရသူ ၃ ဦးမှာ ဗဟန်း မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ အောင်အောင်(ခေါ်) ကိုအောင်အောင်ဦး၊ အဖွဲ့ဝင် ဘိုထွန်း (ခေါ်) ကိုကျော်ဝင်းထွန်း၊ တာမွေမြို့နယ်မှ ကျော်ကြီး (ခေါ်) ကိုကျော်မျိုးနိုင်တို့ ဖြစ်သည်။

၎င်းတို့သည် ဇွန်လ ၁၂ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဗဟန်းမြို့နယ်အတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို လူငယ်များနှင့် နီးစပ်သည့် သူတဦးက “ရဲနှစ်ယောက်က ဆိုင်ကယ်နဲ့ တာမွေအဝိုင်း မှတ်တိုင် ထိပ်မှာ ဖမ်းသွားတာ၊ သူတို့ကလည်း အေးအေးဆေးဆေးပဲ လိုက်သွားတယ်၊ သူတို့ အဖမ်း မခံရခင် မနက်ပိုင်း ရန်ကင်းဘက်မှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဝေခဲ့တယ်” ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မြန်မာနိုင်ငံ အနှံ့အပြား နှင့် နိုင်ငံတကာရှိ ဒီမိုကရေစီ အရေး လှုပ်ရှားသူများက ဆောင်ရွက်နေကြသည်။

မြန်မာ နိုင်ငံအနှံ့အပြားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ ဖြန့်ဝေသည့် လှုပ်ရှားမှုတရပ်ကို သောကြာနေ့ တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ မတိုင်မီ အရှိန်မြှင့်ကာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

မြန်မာအာဏာပိုင်တို့က နိုင်ငံရေးသမားများကို ဗုံးဖောက်ခွဲသူများအဖြစ် စွပ်စွဲခြင်းမှာ အသစ်အဆန်း မဟုတ်ပေ။

၂၀၀၇ ခုနှစ် ဇူလိုင်လက ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ကြံ့ဖွံ့ရုံးအနီးတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု၏ အဓိက တရားခံမှာ ရန်ကုန်မြို့မှ ထင်ရှားသည့် နိုင်ငံရေးသမားတဦးဖြစ်သူ ဦးမြင့်အေး ဖြစ်သည်ဟု အာဏာပိုင်တို့က စွပ်စွဲခဲ့ဖူးသည်။ ထိုနောက် ဦးမြင့်အေးနှင့် နိုင်ငံရေးသမား တချို့ကို ကြီးမားသည့် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်