Wednesday, May 20, 2009

ဒီနေ့ ဘန်ကောက်သံရုံးရှေ့ ဆန္ဒပြသတင်း၊

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှုကို ကန့်ကွက်သောအားဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် သံဃာတော် အပါး ၃၀ က ယနေ့ ၁နာရီကျော်ကြာ မေတ္တသုတ်ရွတ်ဆို ဆန္ဒပြမှု ပြုလုပ်ခဲ့သည်။

“သံရုံးရှေ့မှာ တန်းစီ ရပ်ကြတယ်။ ပြီးတော့ သာသနာ့အလံ ကိုင်ဆောင်ထားတယ်။ မေတ္တသုတ်ရွတ်၊ မေတ္တာပို့တယ်။ နောက်တောင်းဆို ထားတဲ့ အချက်တွေကို ဖတ်ပြတယ်။ သံရုံးကို ပေးထားခဲ့တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတာပါ။”ဟု ဦးဆောင်သံဃာတော် အရှင် ဦးတေဇက မိန့်သည်။

“ဒီနေ့ဖြစ်နေတဲ့ ကိစ္စတွေဟာ တရားနဲ့ မညီတဲ့အတွက် တရားနဲ့ လျော်ညီဖို့အတွက် တရားတော်နဲ့အညီ ဆန္ဒပြတာ ဖြစ်တယ်”ဟု ပြောသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အား တရားစွဲဆိုမှုကို ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြခဲ့မှုများ ရှိခဲ့သော်လည်း ဗုဒ္ဓဘာသာ သံဃာတော်များချည်း ဆန္ဒပြမှုကတော့ ယနေ့မှ ဗွေဆော်ဦး ဖြစ်သည်။

ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှုကို ပယ်ဖျက်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသား များ အားလုံး အမြန်လွတ်ပေးရန်၊ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် တောင်းဆိုသွားခဲ့ကြသည်။

No comments:

Post a Comment