Thursday, May 21, 2009

မေ ၂၁ ၂၀၀၉ သတင်းများ

MoeMaKa Daily e Newspaper - 20th May 2009 MoeMaKa Daily e Newspaper - 20th May 2009 moemaka MoeMaKa Daily e Newspaper - 20th May 2009 - News Updates on Burma and Burmese Community

ခွန်ဥက္ကာ (ဥက္ကဌ- ပအိုဝ့် ပြည်သူလွတ်မြောက်ရေး အဖွဲ့) နှင့် ဆက်သွယ်မေးမြန်းချက်
ကြာသပတေးနေ့၊ မေလ 21 2009 14:25 - မြန်မာစံတော်ချိန်

”ဒေါ်စုအမှုက တကယ်တော့ အမှု မမြောက်ဘူး။ အမှု မရှိဘဲနဲ့ အမှုဆင်တာပေါ့။ အမှုမမြောက်တဲ့ အမှု ဖြစ်တယ်။ နောက် သူ့ကိုစွဲတဲ့ ဥပဒေကလည်း စစ်မှန်တဲ့ ဥပဒေမဟုတ်တဲ့ အခါကျတော့ ဥပဒေမြောက်တယ်။ ဥပဒေအရစွဲတယ်လို့ ပြောလို့ မရတဲ့ ဥပဒေမျိုး ဖြစ်တယ်။ ဒါကြောင့် ပြစ်မှုလည်း မမြောက်ဘူး။ ဥပဒေကလည်း ဥပဒေ မမြောက်တဲ့ အခါကျတော့ အမှုလို့တောင် မခေါ်နိုင်ပါဘူး။ ဒါသက်သက် လုပ်ကြံတာဘဲ ဖြစ်နေတော့ ဒါက လုံးဝ ရုပ်သိမ်းပေးဖို့၊ ဒီအမှုကို လုံးဝ ခြွင်းချက်မရှိ ရုပ်သိမ်းပေးဖို့ ကျနော်တို့ အဓိက တောင်းဆိုတာ ဖြစ်ပါတယ်။”

“ကျနော်တို့ တိုင်းပြည်အတွက်ကို ကြည့်မယ်ဆိုရင် မတူညီတဲ့ အင်အားစုတွေ ရှိပါတယ်။ အာဏာသိမ်းထားတဲ့ စစ်အုပ်စုရှိသလိုဘဲ အပစ်အခတ်ရပ်စဲထားတဲ့ တော်လှန်ရေး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ၊ တချိန်တည်းမှာဘဲ ကျောင်းသား၊ လူငယ် ၊ ရဟန်းသံဃာ ဒီမိုကရေစီလိုချင်တဲ့ ပြည်သူလူထုကလည်း ရှိတယ်။”

”ဆိုတော့ ဒီအင်အားစုတွေ အားလုံးကို ဆွဲပြီးတော့ တန်းတူညီတူ စုစည်းနိုင်ဖို့ဆိုတာက နအဖ ကလည်း မလုပ်နိုင်ပါဘူး။ ဘယ်သူမှ လည်း မလုပ်နိုင်ပါဘူး။ အားလုံးသုံးပွင့်ဆိုင်ပေါ့ အင်အားစု သုံးခု လုံးကို စွဲစု ပြီးတော့ ရင်ကြားစေ့ ပေးနိုင်တာက ဒေါ်စုဖြစ်တယ်။ ဒေါ်စုက တိုင်းပြည်ရဲ့ ပြန်လည် သင့်မြတ်ဖို့ အတွက်က မရှိမဖြစ်တဲ့ မဏ္ဍိုင် ဖြစ်နေတယ်။”

”စီရင်ချက်ချတဲ့ အချိန်မှာ ကျနော် ထင်တယ်။ စီရင်ချက်မချခင်မှာ နအဖက လူပါးလူနပ်ဆိုတော့ အပေးအယူလုပ်နိုင်တယ်။ အဲဒီစီရင် ချက်မှာ ဒေါ်စုကို လွှတ်မယ်လို့ စီရင်ချက်ချမယ်ဆိုရင် ဘာတွေ ရမလဲ လိုက်မေးမှာ အမှန်ဘဲ။ ဥပမာ Sanction တွေကို ဖြုတ်ပေးမလား။ သူ့ရဲ့ ၂ဝဝ၈ ကိုအသိအမှတ်ပြုမလား။ ၂ဝ၁ဝ ရွေးကောက်ပွဲကို အသိအမှတ်ပြုမလား။ အဲဒီကိစ္စမျိုးတွေကို သူ့ကို ကျနော်တို့က ပေးမယ် ဆိုရင် ဒေါ်စုကို လွှတ်မယ်ဆိုတဲ့ ဟာမျိုးနဲ့ အပေးအယူလုပ်နိုင်တယ်။”

”သူလိုချင်တဲ့ ၂ဝဝ၈တို့ ၂ဝ၁ဝတို့ Sanction တို့ကို ဆက်ထားမယ်။ ဆက်တိုးမယ်။ ၂ဝ၁ဝကိုလည်း ဘယ်သူမှ လက်မခံဘူး။ ၂ဝဝ၈ ကိုလည်း ကျနော်တို့ ငြင်းပယ်ထားတယ်ဆိုတော့ အဲဒီပုံစံ အတိုင်းသွားတိုင်း သွားမယ်ဆိုရင်တော့ ပါးကိုက် နားကိုက်ပေါ့ ဒေါ်စုကိုလည်း ထပ်ပြီတော့ ထောင်ချမှာဘဲ ။မိုက်မိုက်ကန်းကန်းပေါ့။”

”ဒါတော့ ကျနော်တို့ တွက်လို့ ရတယ်။ ဒါကြောင့် ဒီ၂လနဲ့ ၃လမှာ နိုင်ငံရေး အရ အပေးအယူ အလျော့ အတင်း တွေ ကစားပြီးတော့မှ စီရင်ချက်က ပေါ်လာလိမ့်မယ်လို့တော့ ကျနော်ထင်တယ်။”

” တိုင်းရင်းသား တွေနဲ့လဲ လုပ်နိုင်တယ်။ နိုင်ငံတကာနဲ့လည်း လုပ်နိုင်တယ်။ ပြည်တွင်းမှာ ရှိနေတဲ့ အတိုက်အခံ အင်အားစုတွေနဲ့လည်း လုပ်နိုင်တယ်။ အားလုံးနဲ့လုပ်နိုင်တယ်။

အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေနဲ့လည်း ချိန်ကိုက်ဘဲ။ သြဂုတ်၊ စက်တင်ဘာမှာ သူတို့က အသွင်ပြောင်းနိုင် မပြောင်းနိုင် ဆိုတာ Warning (သတိပေးထား) ပေးထားတဲ့ အခါကျတော့ ဒေါ်စုရဲ့ စီရင်ချက်ချမယ့် အချိန်မှာ အဲဒီ အကုန်လုံးချိန်ကိုက် တိုင်းရင်းသားတွေကို လက်နက်ကိုင် အဖွဲ့တွေကို ချုပ်ကိုင်မယ့် အချိန်နဲ့ သွားကိုက်နေတယ်။ အဲဒါတွေ ကိုက်ပြီးတော့မှ တပြိုင်နက်တည်း စီရင်ချက်ချလိမ့်မယ်လို့ ကျနော်ထင်တယ်။”
-------------------------------

စွမ်းအားရှင်တယောက် ကျပ်နှစ်သောင်း
ကြာသပတေးနေ့၊ မေလ 21 2009 13:55 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏တရားခွင် နေ့စဉ်ရက်ဆက် ပြုလုပ်နေစဉ်အတွင်း လုံခြုံရေးအတွက် လိုအပ်နေသော ”စွမ်းအားရှင်” များ အာဏာပိုင်များက စုဆောင်းလျှက်ရှိရာ တဦးလျှင် တရက်ကို ငွေကျပ် နှစ်သောင်းအထိ ပေးမည်ဟု ဆိုသည်။

အင်းစိန်ထောင် အနီးတဝိုက်နှင့် ရန်ကုန်မြို့တွင် အချက်အချာ ကျသောနေရာများတွင် အသင့်စောင့်ဆိုင်းနေရမှာဖြစ်ပြီး ပုံမှန် အခြေအနေတွင် တရက်လျှင် ကျပ်ငွေ ၃ ထောင်ပေးမှာဖြစ်ပြီး ပဋိပက္ခ အခြေအနေနှင့် ကြုံတွေ့၍ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများကို ရိုက်နှက် ဖမ်းဆီးရလျှင် ငွေကျပ်နှစ်သောင်း ပေးမည်ဟုဆိုကာ စုဆောင်းမှုများ ပြုနေရသည်ဟု စုံစမ်းသိရှိရသည်။

အချို့သော ရပ်ကွက်များတွင် လျာထားသော အရည်အတွက် ပြည့်မှီမှုမရှိသဖြင့် လောလောဆယ်အချိန်မှာပင် ဈေးပိုပေးနေရသည်။

အင်းစိန်ထောင်အနီးနှင့် အင်းစိန်မြို့နယ်တွင်း လက်နက်ကိုင် စစ်တပ်များ ရဲများ နေရာအနှံ့ မြင်တွေ့နေရသော်လည်း ရန်ကုန်မြို့တွင်း အခြားနေရာများတွင်မူ ယူနီဖောင်းဝတ် လုံခြုံရေးများ အနည်းငယ်သာ တွေ့ရသည်။

လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် အရပ်ဝတ်ရဲများ၊ စစ်ဖက်ရေးရာ လုံခြုံရေးများနှင့် စွမ်းအားရှင်များသာ ရှိနေသည်ကို တွေ့ရသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ သံဃာတော်များဦးဆောင်သော ဆန္ဒပြမှုများတွင် စွမ်းအားရှင်အဖြစ် အရပ်သားများကို ခေါ်ယူကာ တဦးလျှင် အနည်းဆုံး ငွေသုံးထောင်ကျပ်၊ နေ့လည်စာ ဒန်ပေါက်တပွဲနှင့် စီးကရက် တဗူးစီ အခကြေးငွေ ပေးခဲ့သည်။
-------------------------------
ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ အရောက်နောက်ကျ
ကြာသပတေးနေ့၊ မေလ 21 2009 13:55 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တရားခွင်သို့ နောက်ကျပြီး ရောက်ရှိလာသည်ဟု စုံစမ်းသိရှိရသည်။ မည်သည့်အတွက်ကြောင့် နောက်ကျသည်ကို ရှင်းလင်းစွာ မသိရသေးပါ။

အမှုရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော ဆန္ဒဖော်ထုတ်မှုအဖြစ် အင်းစိန်ဈေးအနီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝင်းတင်နှင့် ပါတီဝင်များ ရောက်ရှိ စောင့်ဆိုင်းနေကြသည်။

ယခင်နေ့များကထက် ပိုမို အတင့်ရဲလာသော စွမ်းအားရှင်များက ကင်မရာ ကိုင်ဆောင်ထားသူများကို လိုက်လံရှာဖွေနေပြီး သတင်း ထောက်လက်မှတ် စစ်ဆေးလျှက်ရှိသည်။

လမ်းပိတ်ထားဆဲဖြစ်ပြီး လမ်းကြားမှ လူသွားလမ်းတလမ်းနှင့် ယာဉ်အသွားအလာအတွက် လမ်းကြားလမ်းတခုကို ခွင့်ပြုထားသည်။

သို့သော် ဈေးဆိုင် အရောင်းအဝယ်များ သိသာစွာ လျော့ပါးသွားသည်။
-------------------------------
အင်းစိန်ထောင်ရှေ့ လုံခြုံရေး စွမ်းအားရှင်များ အသုံးပြုလာ
ကြာသပတေးနေ့၊ မေလ 21 2009 13:00 - မြန်မာစံတော်ချိန်

ယနေ့ အင်းစိန်ထောင်အနီး ယူနီဖောင်းဝတ် လက်နက်ကိုင် လုံခြုံရေး နည်းသွားပြီး ကြံ့ဖွံ့၊ စွမ်းအားရှင်များကို ပိုမို ချထားလာသည်ကို တွေ့ရသည်။ ထောင်ရှေ့ ရောက်ရှိနေသူ ၅၀၀ ခန် ရှိနေသည်။
-------------------------------
တံခါးပိတ် တရားခွင် ပြန်ဖြစ်
ကြာသပတေးနေ့၊ မေလ 21 2009 11:25 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ တရားခွင်ကိုတော့ တံခါးပိတ် တရားခွင်အဖြစ် ပြန်လည် ပြုလုပ်မှာ ဖြစ်သည်။

နိုင်ငံခြား သံတမန်များလည်း ဖိတ်ကြားခြင်း မခံရသလို ပြည်တွင်း ပြည်ပ သတင်းစာဆရာများလည်း ထပ်မံ ဖိတ်ကြားမှု မရှိတော့ပါ။
-------------------------------
မြန်မာ့အရေးအတွက် တရုတ်၊ အိန္ဒိယတို့နှင့် အမေရိကန် ဆွေးနွေးမည်

ကြာသပတေးနေ့၊ မေလ 21 2009 11:00 - မြန်မာစံတော်ချိန်

အမေရိကန်အနေဖြင့် လက်ရှိ ဖြစ်ထွန်းနေသော မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်၊ အိန္ဒိယတို့နှင့် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုလိုက်သည်ဟု ပီတီအိုင် သတင်းတရပ်အရ သိရသည်။

၂ဝ၁ဝ ခုနှစ်အတွက် အမေရိကန်၏ ဦးစားပေး နိုင်ငံခြားရေး ပေါ်လစီအကြောင်း ကလင်တန်က ဆီးနိတ်လွှတ်တော်တွင် ယမန်နေ့က ထွက်ဆိုသွားရာတွင် မြန်မာ့အိမ်နီးချင်း နိုင်ငံကြီးနှစ်ခုဖြစ်သော တရုတ်နှင့် အိန္ဒိယတို့သည် အရေးပါသော နိုင်ငံများအဖြစ် ရှုမြင်ကြောင်း ပါရှိသည်ဟု ပီတီအိုင် သတင်းတွင် ပါရှိသည်။
-------------------------------
ဒေါ်အောင်ဆန်းစုကြည်အမှု ယမန်နေ့ တရားခွင်
ကြာသပတေးနေ့၊ မေလ 21 2009 10:16 - မြန်မာစံတော်ချိန်

အင်းစိန်ထောင်အတွင်း အထူးတရားရုံးတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို တက်ရောက် နားထောင် ခွင့် ရသူများကို မေးမြန်း၍ မူကေးက သရုပ်ဖော်ပုံကြမ်း ရေးဆွဲထားသည်။

ဒေါ်အောင်ဆန်းစုကြည်အမှု ယမန်နေ့ တရားခွင် တက်ရောက် နားထောင်ခွင့်ရသူများကို မေးမြန်း၍ မူကေးက သရုပ်ဖော်ပုံကြမ်း ရေးဆွဲထားသည်။


http://www.mizzimaburmese.com/news/breaking-newsbrief/3002-2009-05-21-04-00-36.html

No comments:

Post a Comment