Thursday, May 21, 2009

အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်ပွဲ (ဦးဝင်းတင်နှင့် အင်တာဗျူး)

ကိုဝိုင်း ။ ကြာသပတေးနေ့၊ မေလ 21 2009 13:49 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အား တရားစီရင်နေသည့် အချိန်ကာလတွင် အင်းစိန်ထောင်ရှေ့ သွားရောက် စုရုံးနေ သူများသည် ဆန္ဒပြနေခြင်း မဟုတ်ဘဲ ‘ဆန္ဒဖော်ထုတ်နေခြင်း’ သာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။

လက်ရှိပြုလုပ်နေသော တရားခွင်နှင့်ပတ်သက်၍ သူ့အမြင်ကို ဦးဝင်းတင်က မဇ္ဈိမသတင်းထောက် ကိုဝိုင်းသို့ ဖြေကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အများပြည်သူရှေ့မှာ တရားစီရင်တာ မဟုတ်ဘဲနဲ့ အခုလိုမျိုး တံခါးပိတ်စီရင်နေတဲ့ကိစ္စအပေါ်မှာ ဘယ်လိုမြင် ပါသလဲ ခင်ဗျာ။

တရားစီရင်တဲ့အခါမှာ တစ်က ဒါတွေက ဘာမှ မဆန်းသလိုဖြစ်နေတယ်။ ကျနော်နေခဲ့တဲ့ နှစ်ပေါင်း ၄ဝ လောက်အတွင်းမှာ မဆလခေတ် တခေတ်လုံးကလည်း အလားတူပဲဗျနော်။ အများပြည်သူရဲ့ ရှေ့မှောက်မှာ တရားစီရင်တာမဟုတ်ဘဲနဲ့ သူတို့ရဲ့ တံခါးပိတ် တရားစီရင် ရေး ပုံစံနဲ့ပဲ အများကြီး ကျနော် ကြုံခဲ့ဖူးတော့ ကျနော့်အဖို့ကတော့ မဆန်းသလိုပဲလို့ ပြောလို့ရတယ်ဗျာ။

သို့သော်လည်း ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊ သို့မဟုတ်ရင်လည်း ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ ခေတ်ကာ လမျိုး၊ နောက်တခါ ပါတီအဖွဲ့အစည်း ဒီမိုကရေစီအဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်တယောက်ကို တရားစီရင်တဲ့ အခါမှာတော့ အများ ပြည်သူ နားထောင်သင့်တယ်လို့ ကျနော် ယူဆတယ်။

ဥပမာ - ဆိုပါတော့ သခင်စိုးအမှု တရားစီရင်တဲ့အခါမှာ လွတ်လပ်စွာ တရားစီရင်ခွင့်မရဘူး။ တံခါးပိတ်စီရင်တယ်။ အဲဒီလို စီရင်တဲ့ အခါမှာ သူလည်း နိုင်ငံရေးသမားပဲ ဘာလို့ သူ့ကို တံခါးပိတ်စီရင်တာ မကန့်ကွက်ဘဲနဲ့ ဒေါ်စုကျမှ ဘာလို့ ကန့်ကွက်လဲ ပြောစရာ အခြေအနေကပေါ်လာတယ်။ သခင်စိုးကိုက နိုင်ငံရေးခေါင်းဆောင် တယောက်အနေနဲ့ တရားစီရင်တာ မဟုတ်ဘူးဗျ။ သူပုန် ခေါင်း ဆောင် တယောက်အနေနဲ့ တရားစီရင်တာ။ ဒေါ်အောင်ဆန်းစုကြည်က သူပုန်ခေါင်းဆောင်မဟုတ်ဘူးဗျ။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်။

သခင်စိုးလက်ထက်မှာ တရားစီရင်တယ် ဆိုတာတောင်မှ သခင်စိုး တရားစီရင်ချက်တွေကို သတင်းစာမှာ ပုံမှန်ဖော်ပြတာ ရှိသေးတယ်ဗျ။ လူတွေလည်း သတ်မှတ်ထားတဲ့အတိုင်း ၁ဝ ယောက်၊ ၁၅ ယောက် တနေ့ကို စသည်ဖြင့် နားထောင်ခွင့် ရသေးတယ်ဗျ။ မီဒီယာလည်း အဲဒီမှာ သွားပြီး နားထောင်ခွင့်ရတယ်။

ကျနော်ပြောချင်တာက ခေတ်ကာလနဲ့ လုံးဝမကိုက်ညီဘူး။ ဒီလိုဟာမျိုးတွေ နှစ်ပေါင်း ၄ဝ လောက် တွေ့ခဲ့ဖူးတယ် ဆိုသော်ငြားလည်း၊ ဥပမာ - ထောက်လှမ်းရေးအမှုပေါ့ဗျာ။ တံခါးပိတ်ဆိုတာတောင် ဒေါ်အောင်ဆန်းစုကြည် အခုဖြစ်နေတာထက် ပိုပြီးတော့ အများကြီး လွတ်လပ်တယ်။ ငွေစက္ကူအမှုတွေ စစ်ဆေးတာတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့က လက်မခံနိုင်ဘူး။ ကန့်ကွက်နေတာ။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး အများပြည်သူ ရှေ့မှောက်မှာ ရုံးထုတ်တာမလုပ်ဘဲနဲ့ သီးသန့် တံခါးပိတ် စစ်ဆေးတာဟာ အများပြည်သူရဲ့ မူလအခွင့်အရေးရယ်၊ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူအခွင့်အရေးရယ်တွေကို ချိုးဖောက်ခံရတယ်လို့ရော ယူဆပါသလားခင်ဗျာ။

ကျနော်က ယူဆပါတယ်။ ဘာလို့လဲဆိုတော့ လူတယောက်ဟာ တရားခွင်ကို သွားရတယ်ဆိုတာ သူ့ရဲ့ဘဝကို ချောက်ကမ်းပါးနား သွား နေရတာ။ သူ ချောက်ထဲကို လိမ့်ကြသွားမလား၊ ကမ်းပေါ်မှာပဲ တင်ကျန်နေမလား၊ မသိရတဲ့ အခြေအနေမျိုး။ အဲဒီ လူကို သူ့ရဲ့အမှုကို လွတ်လပ်စွာ တရားစီရင်ခြင်း၊ မှန်ကန်မျှတစွာ စီရင်ခြင်း မရှိရုံတင်မကဘူး၊ သူ့ တရားစီရင်ခြင်းကို အများပြည်သူ ကြားနာနိုင်ဖို့ ဥပ ဒေအရ အခွင့်အရေး ရှိပါရဲ့နဲ့ ခွင့်ပြုချက်မရဘူးဆိုတာက သူ့လူ့အခွင့်အရေး ချိုးဖောက်ခံရတာပဲလို့ ပြောနိုင်ပါတယ်။

အလားတူပဲ အများပြည်သူက ကြားနာခွင့်မရတာလည်း တရားခွင်မှာ အများပြည်သူရှေ့မှောက် ခံရမယ်လို့ ဥပဒေပြဋ္ဌာန်းချက် ရှိရဲ့သားနဲ့ နအဖ အစိုးရလက်ထက်မှာလည်း ဒီဥပဒေကို ဆက်လက်ပြဋ္ဌာန်းထားပါလျက်နဲ့ နားထောင်ခွင့်မရဘူး၊ လေ့လာခွင့် မရဘူး။ ဒါလည်း ချိုး ဖောက်ခံရတာပဲ။

ဒေါ်စုကို ရုံးထုတ်နေတုန်း အန်အယ်ဒီအဖွဲ့ဝင်တွေ၊ အန်အယ်ဒီကို ထောက်ခံတဲ့လူတွေ၊ ဒီမိုကရေစီလိုလားသူတွေဟာ အင်းစိန် ထောင် ရှေ့နဲ့ အင်းစိန်မြို့နယ်အတွင်းမှာ စုဝေးနေကြတာ သတိထားမိပါတယ်။ ဒီကိစ္စအပေါ်မှာ ဘယ်လိုမြင်ပါသလဲ ခင်ဗျာ။

ကျနော် အဲဒီမှာ လူတွေနဲ့ စကားပြောဖြစ်တယ်။ သူတို့ရဲ့ အမြင်တွေ၊ သဘောထားတွေ၊ ခံစားချက်တွေကို သိရတာပေါ့။ ပြောချင်တာက ကျနော် အပါအဝင် အဲဒီရှေ့မှာ ရောက်လာပြီးတော့ စုရုံးနေတဲ့ လူတွေရဲ့ အခြေခံအမြင်ပေါ့ဗျာ။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော် သူတို့ ကိုလည်း ကိုယ်စားပြုပြီး ပြောနိုင်တယ်။ သူတို့ တဦးချင်းကလည်း ကျနော့်ကို ကိုယ်စားပြုပြီး ပြောနိုင်တယ်။ သူတို့ အချင်းချင်းလည်း ကိုယ်စားပြုပြီး ပြောနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတာ။ ကျနော်တို့ ကြွေးကြော်သံတွေနဲ့ အော်ဟစ်နေတာ မဟုတ်ဘူး။ စာရွက်စာတမ်းတွေရေးပြီး ကမ်းလှမ်းနေတာ မဟုတ်တဲ့အတွက် တဦးချင်းကိစ္စက သဘောထား အသီးသီးကို မပြော နိုင် ပေမယ့် အားလုံးရဲ့ ရင်ထဲမှာ ရှိနေတဲ့ အမြင်၊ အယူအဆ၊ ခံစားချက်ကိုတော့ ပြောလို့ရတယ်လို့ ထင်တယ်။

ဘယ်လို လူမျိုးတွေ ရောက်လာပြီး၊ ဘာလာလုပ်နေကြတယ်ဆိုတာရော ပြောပြနိုင်မလား ခင်ဗျာ။

အဲဒီထဲမှာ အန်အယ်ဒီတွေ ပါတယ်။ တခြားသော ကျောင်းသား၊ လူငယ်တွေ ပါတယ်ဗျာ။ ရဟန်းသံဃာတွေ ပါတယ်ဗျာ။ လူမျိုးစုံပါတယ်။ ကလေးပါတယ်။ လူကြီးပါတယ်။ မိန်းမပါတယ်။ ယောက်ကျားပါတယ်ပေါ့ဗျာ။ ဒီလူတွေ အားလုံးရဲ့ ရင်ထဲမှာရှိတဲ့ဟာက ဘာလဲဆိုရင် တစ်က ကျနော်တို့ဟာ နတ်ကရာ ချီးမွမ်း လာပြီးထိုင်နေကြတာ မဟုတ်ဘူး။ ငေးမောပြီးတော့ ပွဲတော်တခု လာကြည့်နေတာ မဟုတ်ဘူး။ စတုဒိသာပွဲတခုလာပြီး စားသောက်နေတာ မဟုတ်ဘူး။ နောက်တခုက တချိန်တည်းမှာပဲ ကျနော်တို့ဟာ ဆန္ဒပြနေတာလည်း မဟုတ် ဘူး။ ဒါက အရေးကြီးတယ်။ ဆန္ဒပြချင်တဲ့လူကတော့ ပြမှာပဲ။ မပြဘူးလို့ မပြောနိုင်ဘူး။ ပြချင်တဲ့စိတ် မရှိဘူး၊ ရှိတယ်လည်း မပြောဘူး။

သို့သော် ပုံသဏ္ဍာန်အားဖြင့်၊ အမြင်အားဖြင့်ဆိုရင် ကျနော်တို့တတွေဟာ ငေးမောပြီးတော့ နေပူကျဲတဲမှာ ထိုင်စရာမရှိ၊ နေစရာမရှိ၊ စား စရာမရှိ၊ သောက်စရာမရှိ၊ အပေါ့အပါးသွားစရာမှ မရှိတဲ့ အနေအထားမျိုးမှာ နာရီပေါင်းများစွာ။ တချိန်တည်းမှာပဲ ကျနော်တို့က ဆူပူ ခြင်း၊ ဆန္ဒပြခြင်း၊ အော်ဟစ်ခြင်း၊ တောင်းဆိုခြင်း ဒါတွေ လုပ်နေတာလည်း မဟုတ်ဘူး။ အားလုံး တိတ်တိတ်ငြိမ်ငြိမ်ပဲ။ စကားတောင် အော်ကျယ်မပြောဘူး။

ဒါဆိုရင် ဘာလုပ်နေတာလဲလို့မေးရင် ကျနော်ကပြောမယ်၊ အကုန်လုံး ရင်ထဲမှာ နိုင်ငံရေးစိတ်တွေ၊ သဘောထားတွေ ရှိတယ်။ နိုင်ငံရေး ခံစားချက်တွေ ရှိတယ်။ အဲဒီဟာတွေနဲ့ သူတို့ လုပ်နေတာ။ နိုင်ငံရေး လုပ်နေတာပဲ။ ဆိုလိုတာကတော့ နိုင်ငံရေးကို ပုံသဏ္ဍာန်တမျိုးနဲ့ လုပ်နေတာ။ အဲဒါ ဘာလဲဆိုရင် ‘ကျနော်တို့ ဆန္ဒ ဖော်ထုတ်နေတာ’ လို့ ပြောချင်တယ်။ တဦးချင်း တဦးချင်း၊ လူတိုင်း လူတိုင်း - ဆန္ဒ ဖော်ထုတ်နေတာ။

‘ဆန္ဒ ဖော်ထုတ်နေတာ’ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်း ထပ်ရှင်းပြပေးပါဦးခင်ဗျာ။

ကောင်းပြီ။ ဒါဖြင့် ဘာဆန္ဒတွေလဲလို့မေးရင် တစ်က ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တယ်။ လူထု ခေါင်း ဆောင် ဖြစ်တယ်။ အဖွဲ့ချုပ်ခေါင်းဆောင် ဖြစ်တယ်။ ဒီမိုကရေစီခေါင်းဆောင် ဖြစ်တယ်။ ဒီလိုခေါင်းဆောင်မျိုး တယောက်ကို ဘယ်နေ ရာမှ တရားစီရင်နေမှန်းမသိ၊ လူတွေလည်း မဝင်ရ၊ ဒီအကြောင်းလည်း ဘာမှန်းမသိရ၊ ဆိုတဲ့ အနေအထားမျိုးနဲ့ လုပ်နေတာကို ကျနော် တို့ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေမလား။ မကြည့်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတယ်၊ ထောက်ခံတယ်၊ တသား တည်းဖြစ်တယ်၊ တပေါင်းတစည်းတည်း ဖြစ်တယ်ဆိုတာကို ပြချင်တယ်။ အဲဒီဆန္ဒတွေ ရှိတယ်။ အဲဒီဆန္ဒတွေနဲ့ ထောင်ရှေ့မှာ လာပြီး ထိုင်နေကြတာ။

ဒုတိယအချက်က ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားစွဲတာနဲ့ပတ်သက်ပြီး ကျနော်က လုံးဝကို လက်မခံဘူး။ ဒီအမှုက အမှုဆင်တာ၊ ရမယ်ရှာပြီးတော့ ပုဒ်မတပ်တာ။

အမှုဆင်တာလို့ ဘယ်လို အခြေခံအကြောင်းတွေကြောင့် ပြောနိုင်တာလဲ ခင်ဗျာ။

အကွက်ဆင်တာ၊ ဘာလို့လဲဆိုတော့ ထင်ရှားတာ အချက် နှစ်ချက် ရှိတယ်။ တစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်ထားတာ ဒီလ ၂၇ ရက်ဆို လွတ်တော့မယ်။ လွတ်ခါနီးကျမှ ဒီကိစ္စပေါ်လာတယ်။ နောက် သူနဲ့ သက်ဆိုင်တယ်ဆိုတဲ့ လူက ဒုတိယ အကြိမ် ပြန်လာတာဗျ။ ဒီ ယက်တော ဆိုတဲ့လူက လွန်ခဲတဲ့နှစ်တုန်းက ရောက်ခဲ့ပြီးပြီ။ ရောက်ခဲ့တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကနေ ဒေါက်တာတင် မျိုးဝင်းကနေတဆင့် ပြည်ထဲရေးဌာနကို တိုင်ကြားပြီးပြီ၊ အသိပေးပြီးပြီ။ အဲဒီကြားထဲကနေ ဒီလူ ရောက်လာတယ်ဆိုတာ ဘယ်လို ရောက်လာတာလဲလို့။

ကျနော့်အတွေ့အကြုံ ပြောမယ်။ ကျနော့်အကြောင်း လေ့လာနေတဲ့လူက ကျနော် ထောင်ထဲမှာ ရှိနေတုန်း ဗမာပြည် လာဖူးတယ်ဗျ။ ဦးစိန်ဝင်းတို့၊ လူထုဒေါ်အမတို့၊ ဒဂုံတာရာတို့၊ ဦးမောင်မောင်ခင်တို့ စသည်ဖြင့် စာပေသမားတို့၊ သတင်းစာသမားတို့နဲ့ တွေ့တယ်။ အဲဒါကို အစိုးရက နည်းနည်းမှ မကြည်ဖြူဘူး၊ မှတ်ထားတယ်။ အဲဒါက ၅ နှစ်ကျော်ပြီ။ မကြာခင်တုန်းက ကျနော် လွတ်လာတော့ ကျနော့်ကို လာတွေ့ချင်တယ်။ ဗီဇာမရဘူး။ စဉ်းစားကြည့်ဗျာ။ ကျနော်က နိုင်ငံရေးအရ ကြီးကျယ်တဲ့ လူလည်း မဟုတ်ဘူး။ သာမန် သတင်းစာသမားတယောက်။

ကောင်းပြီ။ ယက်တောက ဘယ်လို ဗီဇာရလဲ။ တခါတုန်းက ဒေါ်စုအိမ်ထဲ အိမ်ထဲဝင်တယ်ဆိုတာလည်း သိပြီ။ ဒေါ်စုရဲ့ ညွှန်ကြားချက် အရ ဒေါက်တာတင်မျိုးဝင်းကလည်း ပြည်ထဲရေးဌာနကို အကြောင်းကြားပြီးပြီ။ အဲဒီလောက် အမှတ်အသားဖြစ်ပြီး မှတ်ထားတဲ့လူဟာ ဒီလိုအချိန်မှာ ဘာ့လို့ ဗီဇာရသလဲ၊ ဘာဖြစ်လို့ ဗီဇာပေးသလဲ။ နိုင်ငံခြားရေးဌာနတို့ ဘာတို့က ဒီလောက်ပဲ ပေါ့လျော့သလား။ ဒီလောက် လက်လွတ်စပယ် လုပ်သလားဆိုတာ မေးစရာတွေ ရှိလာတယ်။ မဟုတ်ဘူး၊ မပေါ့တန်ဘူး။ စည်းကမ်းတကျ အဖွဲ့အစည်း၊ ကမ္ဘာ့အ ဆင့်အတန်းမီ အဖွဲ့အစည်း၊ နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့ အဖွဲ့အစည်း ဝန်ကြီးဌာန ဖြစ်တယ်ဆိုရင်၊ အဲဒီလိုဆိုရင်တော့ ဒီ ဗီဇာ ပေးလိုက် ခြင်းဟာ လုပ်ကြံမှုရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒါ့ကြောင့် ကျနော်တို့ စိတ်ထဲမှာ ဒီဟာက လုပ်ကြံမှုကြီး။ အဲဒါကို ဒီအမှုကို ဖျက်သိမ်းပေးပါ။

နအဖက ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ ထောင်ချလိုက်မယ်ဆိုရင် အန်အယ်ဒီ၊ ဒီမိုကရေစီ အင်အားစုတွေအပါအဝင် မြန်မာနိုင်ငံ ရဲ့ အနေအထားက တစုံတရာ အပြောင်းအလဲ ဖြစ်သွားနိုင်မယ် ယူဆပါသလားခင်ဗျာ။

အဲဒီလိုဟာမျိုးကတော့ ပြောရတာတော့ ခက်တယ်။ တစ်က ကျနော်တို့က ဒီမိုကရေစီ အဖွဲ့အစည်းတရပ် ဖြစ်တယ်။ ဒီမိုကရေစီ အဖွဲ့အ စည်းတရပ်ဟာ မှားယွင်းတဲ့ အခြေခံနဲ့ဖြစ်စေ၊ မှန်တဲ့အခြေခံမှာဖြစ်စေ တရားခွင် ရောက်တယ်။ တရားခွင်က လွတ်လပ်တဲ့ တရားခွင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အဲဒီလို အခြေခံမျိုးကနေ တရားစီရင်လိုက်တဲ့အပေါ်မှာ ကျနော်တို့ဟာ တစ် မမှန်ကန်တဲ့ တုံ့ပြန်မှုမျိုးနဲ့ တုံ့ပြန်ဖို့ ဆိုတာ ကျနော်တို့ ဘာအကြောင်းမှ မရှိဘူး။ ဆိုလိုတာက တရားစီရင်ရေးကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တရားစီရင်ရေးစနစ်နဲ့ သွားတယ်ဆိုရင် တစုံတရာသော အတိုင်းအတာအထိ လက်ခံရမယ်လို့ ကျနော်တို့ ယူဆတယ်။ တရားစီရင်ရေးကနေ ထွက်လာတဲ့ ရလဒ်တခုကို လက်လွတ်စပယ်နဲ့ ငြင်းပယ်ခြင်း၊ ငြင်းဆန်ခြင်း၊ မလုပ်ဘူးလို့ ပြောလို့ရတယ်။

ကျနော်တို့ဟာ အဖွဲ့အစည်းဖြစ်တဲ့အတွက် အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သွားမှာပဲ။ သေချာတာကတော့ ပြစ်ဒဏ်ချလိုက်ပြီဆိုတာကို လက်ခံရသည့်တိုင် ဒီဟာကိုတော့ ဆက်ပြီးတော့ တရားဥပဒေ ရှုထောင့်က တိုက်သွားဦးမှာပဲ။ တရားဥပဒေ ရှုထောင့်က တိုက်လို့ မရ ဘူးဆိုရင်လည်း တုံ့ပြန်သင့် တုံ့ပြန်ထိုက်တဲ့ ပုံသဏ္ဍာန် တခုနဲ့တော့ တုံ့ပြန်မှာပဲလို့ ပြောလို့ရပါတယ်။ တရားစီရင်ရေးကနေ ထွက် လာ တာတော့ မှန်တယ်။ တရားစီရင်ရေးအရလည်း ဆုံးခန်းတိုင် ရင်ဆိုင်သွားမယ်။ အဲဒီကြားထဲကနေ တရားမျှတမှန်ကန်တဲ့ တရား စီရင်ရေး မဟုတ်ဘူးဆိုရင် ဆန့်ကျင်တဲ့အရာ တစုံတရာတော့ ပေါ်လာမှာပဲ။ အများနဲ့လုပ်တာလေ။ တယောက်ကတော့ ငုံ့ခံချင် ငုံ့ခံနေမယ်၊ အများ ကတော့ ငုံ့ခံမနေဘူး။ သည်းခံခြင်း ရှိမယ်၊ ငုံ့ခံခြင်းမရှိဘူး။

နအဖ ထဲက အပြစ်ရှိတဲ့ စစ်တပ်အရာရှိတွေကို နိုင်ငံတကာတရားရုံး ICC ကို တင်ဖို့ ကြိုးစားနေတာတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တခုခု ပြောစရာများ ရှိပါသလား ခင်ဗျာ။

ဒါက လုပ်ရမယ့် ကိစ္စပဲ။ လူသားပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေလည်း ဖြစ်နေပြီ။ ကမ္ဘာမှာလည်း ဒီဥပဒေဟာ တစတစနဲ့ အလုပ်ဖြစ်လာပြီ။ နောက် ဒီလူတွေကို ရုံးတင် တရားစွဲခြင်း ဆိုတာကလည်း ကမ္ဘာမှာ နိုင်ငံပေါင်း များစွာပေါ့၊ အာဖရိကနိုင်ငံတွေရော၊ ယူဂိုဆလပ်တို့ ဘာတို့ရော လုပ်နေကြပြီ။ အခု နောက်ဆုံး ဆူဒန်တို့ ဘာတို့ တရားစွဲတာ လုပ်နေပြီ။ တချို့က တရားခွင်ရှေ့မှောက်ကို ရောက်တယ်။ တချို့က ဖမ်းမိန့်ပဲ ထုတ်ရသေးတယ်။

ဗမာပြည်မှာဖြစ်နေတဲ့ အနေအထားအရက ဒီအခြေအနေမျိုးကို ရောက်နေတယ်။ သေချာတယ်။ ငြင်းလို့မရတဲ့ အနေအထား။ မီဒီယာ တွေထဲ ပါလို့ ကျနော်က ငြင်းလို့မရတာလို့ ပြောတာမဟုတ်ဘူး။ သာမန်အားဖြင့် ပြည်သူတွေဟာ ရှစ်လေးလုံး ကာလလို ကာလ မျိုးက စပြီးတော့ ၂ဝဝ၇ သံဃာတော်များ ရွှေဝါရောင်တော်လှန်ရေးလိုကာလမျိုး နောက်တခါ နိုင်ငံရေးအကျဉ်းသား များစွာကို ညှင်းဆဲ သတ် ဖြတ် ဆိုတဲ့ ဒီလို ဥပမာတွေ ကြည့်ခြင်းအားဖြင့် ဒီလူတွေဟာ တရားစီရင်ခံရမယ့် အနေအထားမှာ ရှိတယ်လို့ ပြောတာ။ ဒီလူတွေကို အပြစ် ပေးရမယ်လို့ ကျနော်တော့ မပြောချင်ဘူး။ ဒါက တရားရုံးက လုပ်ရမယ့် ကိစ္စ။ ကျနော့် ဘက်ကတော့ ဒီလူတွေဟာ အဲဒီလို တရားခွင်မျိုးမှာ ရင်ဆိုင်ရမယ့် အနေအထားကို ရောက်နေတယ်လို့ တထစ်ချ ပြောချင် တယ်။ သတ်သတ်မှတ်မှတ် ပြောတယ်။

သို့သော် အဲဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ တချိန်တုန်းကရှိခဲ့တဲ့ သဘောထားပေါ့ဗျာ။ ကျနော်တို့ ဗမာပြည်မှာ အပြစ်တွေကို သင်ပုန်းချေမယ် ဆိုတာတွေ ရှိတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ဟာတွေအကုန်လုံး တယောက်နဲ့ တယောက် လက်စား ချေကြ မယ်ဆိုရင် မပြီးတော့ဘူး။ သင်ပုန်းချေတယ်ဆိုတာ သဘောတူတယ်။ သို့သော် ကျနော်တို့ဘက်က စဉ်းစားတော့ ဘာပေါ်လာသလဲ ဆိုရင်၊ ဒါ အန်အယ်ဒီရဲ့ ပေါ်လစီ ရယ်လို့တော့ မဟုတ်ဘူး။ အစုအဖွဲ့လိုက် ဆွေးနွေးကြတာ။ သင်ပုန်းချေတယ်ဆိုရင် ချေချင်တိုင်း ချေလို့မရဘူး။ ဘာလို့လဲဆိုတော့ ခံရတဲ့ ကာယကံရှင်တွေ ရှိတယ်ဗျာ။ သို့မဟုတ်လည်း သူ့ရဲ့ ရာဇဝတ်မှု ကျူးလွန်မှုဟာ လူ သားအ ပေါ်မှာ အလွန်ကြီးလေးတဲ့ ရာဇဝတ်မှုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။

အဲဒီလို ပုံစံအမျိုးမျိုး ကျူးလွန်တဲ့လူတွေကို သင်ပုန်းချေတယ်ဆိုပြီးတော့ ကျနော်တို့က ခွင့်လွှတ်လိုက်ရင် ရမလား။ နိုင်ငံရေး ပါတီ တခုကနေ လုပ်ရင်ရမလား။ သို့မဟုတ်လည်း နိုင်ငံရေးခေါင်းဆောင် တယောက်ကနေလုပ်ရင် ရမလား။ မရဘူး။ တရားဝင် ဖြစ်ဖို့လို တယ်။ ပြည်ပတရားရုံးတို့ ဘာတို့ဆိုတာကလည်း လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က သိပ်ပြီး မကြားသေးဘူးပေါ့ဗျာ။ ကျနော်တို့က ဘယ်လို တွက်လဲဆိုတော့ လွှတ်တော်တို့ ဘာတို့မှာ တင်ပြီးတော့ ဥပဒေပြဋ္ဌာန်းပြီးတော့ သင်ပုန်းချေတာ ဖြစ်စေ၊ ဒါက တခုပေါ့နော်။ နောက်တမျိုးက ဘာလဲဆိုရင် ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ချင်တယ်။ တရားစီရင်ရေးက အမှန်တရား ဖြစ်စေချင်တယ်။ ကျနော်တို့က ဥပမာ - တောင်အာဖရိက Truth and Reconciliation Commission လိုဟာမျိုး လုပ်ရမယ်လို့ သဘောပေါက်တယ်။ အနည်းဆုံး အဲဒီလိုမျိုး ဖြေရှင်းမယ်။ သဘောထားတွေ ဟိုတုန်းက ရှိခဲ့တယ်။

သို့သော် ကျနော်တို့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသော်လည်း လွှတ်တော်အဆင့်ကို မရောက်ခဲ့တဲ့အတွက် ကျနော်တို့ ဒါ မလုပ်နိုင်ဘူး။ နောက်တခုက ကျနော်တို့မှာ ဘာအာဏာမှ ရှိတာမဟုတ်တဲ့အတွက်၊ ကျနော်တို့ဆိုတာ ကျနော်တို့ ဒီမိုကရေစီ သမားတွေကို ပြောတာပါ။ အန်အယ်ဒီရယ်လို့ မဟုတ်ပါဘူး။ အဲဒီလိုအနေနဲ့ Truth Commission တို့၊ Reconciliation Commission တို့ဆိုတာ ဖွဲ့နိုင်တဲ့အနေအ ထားမှာ မရှိဘူး။ လွှတ်တော်လည်း မရှိဘူး။ အခုနောက်ဆုံး ICC လိုဟာမျိုး ပေါ်လာတာပဲ။ အဲဒါနဲ့ ပတ်သက်လို့ အများကြီး စဉ်းစားမိ တယ်။ ဘာပဲပြောပြော ဒီလူတွေဟာ ICC ရှေ့မှောက်မှာ တရားစီရင် ခံရမယ်လို့ တထစ်ချ မပြောနိုင်သေးပေမယ့် ဒီလူတွေဟာ အဲဒီလို တရားစီရင် ခံရနိုင်လောက်တဲ့ ပြစ်မှုတွေ ကျူးလွန်ထားတာ အမှန်ပဲလို့ ကျနော် ယုံကြည်ပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်