မေကျော်
တနင်္လာနေ့၊ ဧပြီလ 20 2009 22:56 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လူငယ်အဖွဲ့ရေးရာ ဒုတာဝန်မှူးနှင့် အဖွဲ့ဝင် အမျိုးသမီးတဦးကို ယခုလ ၁၈ ရက်နေ့က ရပ်ကွက် ရာအိမ်မှူးနှင့် အဖွဲ့က ဝိုင်းဝန်း၍ ကိုယ်ထိလက်ရောက် ရန်မူခဲ့ကြောင်း သိရသည်။
လူငယ်အဖွဲ့ရေးရာ ဒုတာဝန်မှူး ကိုဘိုဘို (ကုန်စိမ်းရောင်းချသူ) နှင့် ဇနီးသည်ဖြစ်သူ ပါတီအဖွဲ့ဝင် မအိသဲမွန်ကို တရပ်ကွက်ထဲတွင် နေထိုင်သူ ကွမ်းခြံရပ်ကွက် ရာအိမ်မှူး ကိုပေါက်နှင့် ကိုမျိုးကို အပါအဝင် အခြား ၂ ဦးက ပြုမူခဲ့ခြင်းဖြစ်သည်။
၁၈ ရက်နေ့ ညနေ ၄ နာရီခန့်က ဇနီးမောင်နှံ နှစ်ဦးသည် နေအိမ်သို့အပြန် ဘုရားသုံးဆူ ဘုန်းကြီးကျောင်း အနီးတွင် ရာအိမ်မှူးနှင့် အဖွဲ့ က စတင်၍ ဆဲဆိုကြရာ၊ ဆဲရေးတိုင်းထွာမှု မလုပ်ရန် တားမြစ်သည့် ကိုဘိုဘို ကို ဝိုင်းဝန်း၍ ရင်ဘတ်ကို ဆောင့်တွန်းခဲ့ပြီး၊ အတူပါလာသူ မအိသဲမွန်က တားမြစ်သော်လည်း သူ့ကို လက်ဆွဲပြီး ဆောင့်တွန်းခဲ့ကြောင်း တွံတေးမြို့နယ် NLD ဥက္ကဋ္ဌက ပြောသည်။
အခင်းဖြစ်ပွားသည့် နေ့ကပင် တွံတေးရဲစခန်းသို့ ချက်ချင်း တိုင်ချက်ဖွင့်သည်ကို စခန်းမှူး ဦးမြင့်ကျော်က အမှုဖွင့်ပေးသော်လည်းဒုရဲအုပ် သိန်းဇော်ဦးက ပြစ်မှုကျူးလွန်သူများကို မြို့နယ်ကောင်စီ မယက ဥက္ကဋ္ဌ၏ ခွင့်ပြုချက် မရ၍ ဖမ်းဆီးခြင်း မပြုနိုင်ကြောင်း ပြောခဲ့သည်။
“သူတို့ကလည်း မဖမ်းပေးမချင်း ရဲစခန်းမှာပဲ နေနေတယ်။ ရဲတာဝန်မှူးက ဒီကိစ္စက မယက ဥက္ကဋ္ဌက ဖမ်းခွင့် မပေးလို့ မဖမ်းပေးဘူးလို့ ပြောလိုက်တယ်လေ။ ပြန်လာတော့ ၁၂ နာရီ။ ၁ ချက်လောက်မှ ပြန်လာကြတယ်” ဟု သွားရောက် တိုင်ကြားရာတွင် ပါဝင်ခဲ့သူတဦးက မဇ္ဈိမကို ပြန်ပြောပြသည်။
နောက်တရက်ဖြစ်သည့် ယမန်နေ့ နံနက်ပိုင်းတွင်မူ ကျူးလွန်သူ ၄ ဦးကို ရဲစခန်းက ဖမ်းဆီးခဲ့သော်လည်း၊ ညနေ ၄ နာရီခန့်တွင် အာမခံ နှင့် ပြန်လွှတ်ပေးခဲ့သည်။
မည်သည့် အကြောင်းကြောင့် ရာအိမ်မှူးနှင့် အဖွဲ့က ကိုယ်ထိလက်ရောက် ရန်မူခဲ့သည်ကို မသိရသေးကြောင်းတွံတေးမြို့နယ် ပါတီဥက္ကဋ္ဌ က ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/2784--nld-----.html
No comments:
Post a Comment