Saturday, April 11, 2009

ဆက်ကြေး

အာဏာပိုင်လက်မှ လွတ်မြောက်ရန် ငွေကြေးပေးဆောင်ခဲ့ရ
Sat 11 Apr 2009, လရီမွန်
သံဖြူဇရပ်မြို့နယ်ရှိ ဖောင်စိန်ရွာအနီး စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သော ထိုင်းနိုင်ငံသို့ သွားရောက်သူများသည် ပြန်လည်လွတ်မြောက်ရန် အတွက် ဒေသခံ အာဏာပိုင်များကို ငွေကြေးပေးဆောင်ခဲ့ရသည်ဟု သိရှိရသည်။

သံဖြူဇရပ်- ထားဝယ်သို့ ပြေးဆွဲနေသော အောင်ရတနာကားသည် ထိုင်းနိုင်ငံသို့ သွား ရောက်မည့် သူများကို တင်ဆောင်လာရာ ဖောင်စိန်ရွာ စစ်ဆေးရေးဂိတ်မှ ၄င်းတို့ သတင်း ရရှိထားသည့်အတိုင်း ကားပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည်များကို စစ်ဆေးဖမ်း ဆီးလိုက်ပြီး သံဖြူဇရပ်ရဲစခန်းတွင် ထိန်းသိမ်းထားသည်ကို ဆွေမျိုးမောင်နှမများမှ လာ ရောက် ရွေးထုတ်သွားကြသည်ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

“ပထဆုံးဖမ်းသွားတဲ့နေ့က ညနေပိုင်းမှာ ကလေးတွေကို ပြန်လွှတ်လိုက်တယ်၊ နောက်တစ်နေ့မှာ မိန်းခလေးတွေကို ပြန်လွှတ်တယ်၊ မနေ့ (ဧပြီလ ၈ ရက်နေ့) တုန်းက ယောက်ျား လေးတွေကိုပါ ပြန်လွှတ်လိုက်ပြီ၊ ဒါပေမဲ့ ဒီအတိုင်းလွတ်လာတာတော့ မဟုတ်ဘူးနော်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပိုက်ဆံပေးကြရတယ်၊ ဥပဒေဘောင်အတွင်းကပေးတဲ့ ပိုက်ဆံ တော့မဟုတ်ဘူးပေါ့၊ ယောက်ျားလေးတွေတော့ ၃ ညလောက် အထိန်းခံလိုက်ရတယ်” ဟု ၄င်းက ဆက်ပြောသည်။

သံဖြူဇရပ်ရဲစခန်းအား အဖမ်းခံရသူများနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းခဲ့ရာ “ကျွန်တော်တို့ ဖမ်းခဲ့တာတော့ ဟုတ်တယ်၊ တကယ်လို့ ကိုယ့်ဆွေမျိုးတွေပါခဲ့လို့ရှိရင် ဒီကိုလာပြီး ကျွန်တော်တို့နဲ့ ဆွေးနွေးနိုင်တယ်” ဟု ရဲစခန်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဖမ်းခံခဲ့ရသူ ၂၀ ဦးတို့သည် ထိုင်းနိုင်ငံသို့သွားရောက်၍ အလုပ်လုပ်ကြရန်ဖြစ်ပြီး နိုင်ငံမှ ခိုးထွက်မှုဖြင့် အဖမ်းခံကြရသည်။ အဖမ်းခံရသူများထဲတွင် ၁၅ နှစ်အောက်ကလေး ၄ ဦးပါ ၀င်သည်ဟု သိရှိရသည်။

ပိုက်ဆံပေးရတာကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး၊ တစ်ချို့ဆိုရင် ၃ ယောက်ကို တစ်သိန်းပေးရတာရှိတယ်၊ တစ်ယောက်ကို ၈ သောင်းပေးရတာလည်း ရှိတယ်၊ တစ်ချို့ဆိုရင်လဲ ဆွေမျိုးတွေက ရဲတွေဆီသွားပြီး တိုးတိုးတိတ်တိတ်ဆွေးနွေးပြီး ဈေးနှုန်းသက်သာသွားတဲ့ သူတွေလည်း ရှိတယ် ဟု ရဲဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တောင်အရှေ့‎ဒေသမှ ရွာသား သုံးဦးတို့သည် ဧပြီလ ၅ ရက်နေ့တွင်ပင် ထိုင်းနိုင်ငံသို့ ၀င်ရောက်ခဲ့သော်လည်း ပွဲစားဖြင့် မဟုတ်သောကြောင့် ၄င်းတို့ စီးလာသော ကားမှာ အ စစ်ဆေးမခံရပဲ ထိုင်းနိုင်ငံ ဟတ်ယိုင်ဒေသသို့ ရောက်သွားခဲ့ကြောင်း ၄င်းတို့၏ သူငယ်ချင်းတစ်ဦးက ပြောပြသည်။

“သူတို့ကားတွေလွန်သွားတာနဲ့ နောက်ကကားကို စစ်ဆေးတော့တာပဲ၊ စစ်ဆေးပြီးတာနဲ့ ကားပေါ်ကလူတွေအားလုံး အဖမ်းခံရတာပဲ၊ အဲဒီလူတွေ ပွဲစားနဲ့သွားတာကို ရဲတွေက သတင်းကြိုတင်ရထားတာနဲ့တူတယ်” ဟု ယင်းသူငယ်ချင်းက ဆက်ပြောသည်။

အဖမ်းခံရသူများမှာ သံဖြူဇရပ်မြို့နယ် ဖောင်စိန်ရွာ၊ မုဒုံမြို့နယ် ယောင်ဒေါင်းရွာနှင့် ကွမ်လှာရွာမှ ဖြစ်ကြသည်။ အာဏာပိုင်များမှ ပွဲစားကို ဖမ်းဆီးရန် လိုက်လံစုံစမ်းလျှက်ရှိသည်။

နယ်စပ်ဖြတ်သန်းမှု ဥပဒေအရ နယ်စပ်မှ တရားမ၀င်ခိုးထွက်သူများသာ တာဝန်ရှိသူများ၏ ဒဏ်ငွေဆောင်ခိုင်းခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းကို ခံကြရသည်။ သို့သော် ယ္ခုဖမ်းဆီးခံခဲ့ ကြသောသူများမှာ နယ်စပ်ဖြတ်ကျော်ခြင်း မပြုရသေးခင် ပြည်တွင်း၌ပင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

Rest of your post

No comments:

Post a Comment