Tuesday, April 14, 2009

သင်္ကြန် မှတ်တမ်း

နှစ်ဟောင်းက အညစ်ကြေးတွေကို မြေမြုပ်ဖို့
နှစ်သစ်ကို ပေါက်ချွန်းတစ်လက်နဲ့ စတင်တဲ့ ငါ
ကံဆိုးချင်တော့
စည်ပင်မြေကို မဟားဒယား ကြံစည်မှု့နဲ့
ပုလိပ်က ငါ့ကို အချုပ်ကားပေါ် ခေါ်တယ်၊

ရွာမှာ
သဘာဝ လေကောင်းလေသန့် နဲ့ ကြီးပြင်းခဲ့တဲ့ ကျွန်တော်က
အညှီအဟောက်တွေ ထူပြောတဲ့ ၀န်းကျင်ကို မကြိုက်ဘူး
ကျွန်တော် ကျပ်ငါးထောင်နဲ့ အလဲလှယ် လုပ်ခဲ့တယ်၊

ကိုယ်မှာ ကပ်ငြိပါလာတဲ့ ချဉ်စူးစူးအနံ့တွေကို
သင်္ကြန်သေနတ်ထဲ ထည့်ပစ်ဖို့ ကြိုးစားတဲ့ကျွန်တော်
ကံဆိုးချင်တော့
တရားဝင် လက်နက်ကိုင်ဆောင်မှု့နဲ့
လုံခြုံရေးက ကျွန်တော့်ကို အချုပ်ကားထဲ ခေါ်ပြန်တယ်၊

အညှီအဟောက်တွေနဲ့ နေသားမကျတဲ့ ကျွန်တော်က
ကျပ်ငါးထောင်နဲ့ အလဲလှယ်လုပ်ခဲ့ပြန်တယ်၊

ဘာလုပ်လုပ်
ပြဿဒါးချည်း ဖြစ်နေတဲ့ မြို့မှာ
တကိုယ်လုံး ရေရွဲနေတဲ့ ကျွန်တော်
ဓာတ်တိုင်အောက်မှာ ခြေပစ်လက်ပစ်နဲ့ ထိုင်လိုက်တယ်၊

ကံဆိုးချင်တော့ (မီးမလာတဲ့ ဓာတ်တိုင်အောက်မှာ)
မှောင်ရိပ်ခိုမှု့နဲ့
ရဲက အချုပ်ကားဆီ ခေါ်ပြန်တယ်၊
အညှီအဟောက်တွေနဲ့ နေသားမကျတဲ့ ကျွန်တော်က
ကျပ်ငါးထောင်နဲ့ ကိုယ့်ကိုယ်ကို ပြန်ရွေးရပြန်တယ်၊

ကျနော်ဟာ နေ့စား အလုပ်သမားတစ်ယောက်ပါ
တစ်နေ့မှ ကျပ်တစ်ထောင့်နှစ်ရာပဲ ရပါတယ်၊
အစားအသောက်အတွက် နှုတ်လိုက်တဲ့အခါ
တစ်ရက် တစ်ရာတောင် ကောင်းကောင်း မကျန်ပါဘူး၊

သင်္ကြန်မှာ အပျော်ကြီး ပျော်ဖို့
တစ်ရက်တစ်ရာနှုန်းနဲ့ (မစားရက် မသောက်ရက်)
ငါးလ တိတိစုဆောင်းထားခဲ့တဲ့ ကျွန်တော့် ချွေးနှဲစာတွေ
အခုတော့ မသမာသူတွေ လက်ထဲမှာ.........

အမိုးအကာတွေ ဆွေးမြေ့ ပေါက်ပြဲနေတဲ့ အိမ်အိုကြီးထဲမှာ
ကျွန်တော်တို့ဘ၀တွေ ဘာမှ မလုံခြုံဘူး၊
နှစ်တွေသာ သစ်သစ်လာပြီး လူတွေဟာ အိုအိုသွားကြတယ်၊
အန္တရာယ်ဟာ အရပ်ရှစ်မျက်နှာက လာတယ်။ ။ ။

စာရေးသူ -----ဧဏီမင်း
http://www.newbosom.co.cc/

No comments:

Post a Comment