ဇော်ကြီး။
ဧပြီလ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆမ်မြို့နယ်တွင် မိုးနှင့်မိုးသီးများသည်းထန်စွာ ရွာသွန်းမှုကြောင့် လက်ဖက်ခင်းများ ပျက်စီးသွားပြီး ဒေသခံလက်ဖက်တောင်သူများ အခက်အခဲဖြစ်နေ ကြသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် လွန်ခဲ့သည့် မတ်လ ၂၆ ရက်နေ့က မိုးသည်းထန်မှုနှင့်အတူ မိုးသီးများ ရွာချလာမှု ကြောင့် နမ့်ဆမ်မြို့ နယ်အတွင်းရှိ လက်ဖက်စိုက်ခင်းများ ပျက်စီးသွားသည်ဟု ပလောင်(တအာင်း)ကျောင်းသား နှင့် လူငယ်များ အစည်းအရုံး က
သတင်းထုတ်ပြန်သည်။
ရွှေဖီမိုးလွတ် လက်ဖက်ခူးချိန်တွင် ရွာချလိုက်သည့်မိုးကြောင့် လက်ဖက်ခင်း ၇၀ ရာခိုင်နှုန်း ခန့် ပျက်စီးသွားပြီး ဒေသခံလက်ဖက်တောင်သူများ အခက်အခဲ ဖြစ်နေကြသည်ဟု ပလောင်(တအာင်း) ကျောင်းသားနှင့် လူငယ်များအစည်းအရုံး အထွေထွေအတွင်း ရေးမှူး မိုင်အောင်ကိုက ယခုလိုပြောသည်။
“အကုန်လုံးကို ခန့်မှန်းခြေနဲ့ပြန်တွက်မယ်ဆိုရင် တရာမှာဆိုရင်ပေါ့နော် အားလုံးကို ခြုံကြည့်လိုက် လို့ရှိရင် ၇၀ ရာခိုင်နုန်းဟာ ဒီမိုးသည်းထန်မှုကြောင့် အဲလောက်ကြီး ဆုံးရှူံး သွားတာတွေ့ရတယ်။ ဆိုတော့ အဓိကဖြစ်တာက ဒီကျနော်တို့ရဲ့ ပလောင်ပြည်သူတွေပေါ့။ သူတို့က ဒီမိုးသီးကျတော့ အဓိကအားကိုးရတာက ဒီရွှေဖီချိန်ပဲရှိတာကိုး။ ရွှေဖီချိန်မှာ ကျတော့ ဒီလိုမိုးသီးကြွေလိုက်တဲ့အချိန်မှာ သူတို့ရဲ့စားဝတ်နေရေးအတွက်က တကယ့်ကို မှပဲ ဒုက္ခနဲ့ ရင်ဆိုင်နေရတယ်။”
ထိုမိုးသီးရွာသွန်းသည့် သတင်းကြောင့် လားရှိုးတိုင်းမှူး ဗိုလ်မှူးချုပ်အောင်သန်းထွဋ် နမ့်ဆမ်မြို့သို့ လာရောက် ကြည့်ရှုကာ နမ့်ဆမ်တမြို့နယ်လုံးအတွက် ဆန်အိတ် ၅၀ သာ ကူညီပေးခဲ့သည်ဟု ၎င်းတို့ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။
လက်ဖက်တွင် အ၀ါရောင်ဆိုးဆေးများ ပါဝင်နေသည်ဟု မြန်မာစစ်အစိုးရမှ ကြေညာပြီး နောက်ပိုင်း လက်ဖက် ဈေးနှုန်း ကျဆင်းလာခြင်းကြောင့် အရောင်းမသွက်ဖြစ်နေသည်ဟု ၎င်းကဆက်ပြောသည်။
“ခါတိုင်းဆိုရင် ဒီရွှေဖီချိန်တို့ဘာတို့ဆိုရင် လက်ဖက်လာဝယ်တဲ့ ကိုယ်စားလှယ်တွေက တော်တော်များ တယ် ခါတိုင်းနှစ်ဆိုရင်လေ။ ဒီနှစ်ကျတော့ သူတို့က ဒီအ၀ယ်ကသိပ် မလိုက်ဖူးဖြစ်နေတယ်။ အရောင်းမသွက်ဖူးဖြစ်နေတယ်။ လာဝယ်တဲ့ ကုမ္ပဏီကလည်း နည်းတယ်လေ။ တချို့ကလည်း စိုးရိမ်တယ် ဘာညာဆိုပြီးတော့ သိပ်မ၀ယ်ကြတော့ဘူး။”
ယခင်ကလက်ဖက်အစို တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ခန့်ရပြီး ယခု ၃၅၀ ကျပ် သာရ၍ ယခင်လက်ဖက်ခြောက် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ခန့်ရှိရာမှ ယခုကျပ် ၂၀၀၀ ခန့်သာ ရသည့်အတွက် တောင်သူများ စားဝတ်နေရေး ကြပ်တည်းမှုနှင့် ကြုံတွေ့နေကြသည်။
ဒေသခံလက်ဖက်တောင်သူများ၏ အဓိကအားထားရာအချိန်၌ သဘာဝဘေးအန္တရာယ် ဒဏ်ကိုခံလိုက်ရခြင်း၊ လက်ဖက်တွင် အ၀ါရောင်ဆိုးဆေးများပါဝင်နေသည်ဟု မြန်မာစစ် အစိုးရမှ ကြေညာလိုက်ခြင်းတို့ကြောင့် လက်ဖက်တောင်သူများအနေနှင့် ပိုမို၍ဒုက္ခရောက် ကြရသည်ဟု ပလောင်(တအာင်း)ကျောင်းသားနှင့် လူငယ်များအစည်းအရုံး က သုံးသပ်ပြောဆိုသည်။
No comments:
Post a Comment