Thursday, April 9, 2009

နေပြည်တော်ကို မြို့နယ် ၈ ခုပါဝင်သော ခရိုင်မြို့တော် အဖြစ် တရားဝင် သတ်မှတ်

8/Apr/2009

အစိုးရအုပ်ချုပ်ရေးရုံးများနှင့် စီမံခန့်ခွဲရေးရုံးများ အခြေစိုက်ရာနေပြည်တော်မြို့တော်ကိုမြို့နယ် ၈ ခု ဖြင့်ဖွဲ့စည်း ထားသော ခရိုင်မြို့တော်အဖြစ်နိုင်ငံတော်ကတရားဝင်သတ်မှတ်လိုက်ပြီဖြစ်သည်။ နေပြည်တော် ခရိုင် မြို့ တော် အတွင်း ယခင်ရှိပြီးသားဖြစ်သော နေပြည်တော်ပျဉ်းမနားမြို့နယ်၊ နေပြည်တော် လယ်ဝေး မြို့နယ်နှင့် နေပြည်တော် တပ်ကုန်းမြို့နယ်တို့ပါဝင်သည့်အပြင် အသစ် အကောင်အထည်ဖော်သည့် မြို့နယ်များ ဖြစ်သည့်ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်နှင့် ဇေယျာ သီရိမြို့နယ်စုစုပေါင်း၈မြို့နယ်ဖြင့် ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာနက ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်ကထုတ်ပြန်ခဲ့သောအမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။
ထို့အပြင် အဆိုပါအမိန့်စာအရ နေပြည်တော်မြို့နယ်ကို မန္တလေးတိုင်းအတွင်းရှိသော မြို့နယ်စာရင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်သည်။ထို့အတူပျဉ်းမနားခရိုင်ဟူ၍ခေါ် ဝေါ်သုံးစွဲခြင်းကိုလည်း ပယ်ဖျက်လိုက်ပြီး၊ နေပြည်တော်ကို ခရိုင်မြို့တော် အဖြစ် တရားဝင် သတ်မှတ်ထားပြီး ဖြစ် ကြောင်းနေပြည်တော်ခရိုင်လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
အသစ်ဖော်ထုတ်သောမြို့နယ်များတွင်ရှိပြီးသား ကျေးရွာ အမည်များကို ရပ်ကွက် အမည်များ သို့ပြောင်း လဲခဲ့ပြီး၊ ကျန်စစ်သားရပ်ကွက်၊ အနော်ရထာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ ဘုရင့်နောင် ရပ်ကွက် စသည်ဖြင့်အသစ်ဖော် ထုတ်သော ရပ်ကွက်များလည်း ရှိမည်ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရသိရသည်။ အသစ်ဖော်ထုတ်သောမြို့နယ်များတွင် ဥတ္တရသီရိနှင့် ဒက္ခိဏသီရိ မြို့နယ်များမှာ ၂၀၀၇ခုနှစ်နှင့် ၂၀၀၈ ခုနှစ်က သတ်မှတ်ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပြီး၊ ပုဗ္ဗာသီရိ၊ ဇမ္ဗူသီရိနှင့် ဇေယျာသီရိမြို့နယ်များမှာ ယခုနှစ်တွင်းမှ သတ်မှတ်ဖော်ထုတ်လိုက်သည့် မြို့နယ် များဖြစ်သည်။ နေပြည်တော်ခရိုင်တွင် မြို့နယ်၈ခုရှိလာသဖြင့် ယခင်မြို့နယ်ပေါင်း၃၂၆မြို့နယ်ရှိသောမြန်မာနိုင်ငံ မှာ မြို့နယ်ပေါင်း ၃၃၀ရှိလာပြီဖြစ်သည်။ ပုဗ္ဗာသီရိ မြို့နယ်မှ မြေကွက်များအား နေပြည်တော်တွင် ၂ နှစ်နှင့် အထက်တာဝန်ထမ်းဆောင်ခဲ့သော အစိုးရ၀န်ထမ်း များကို မြေကွက်များမဲနှိုက်၍ချထား ပေးလျက်ရှိကြောင်း အစိုးရ ၀န်ထမ်းများက ပြောကြားကြောင်း ၂၀၀၉ခုနှစ် ဧပြီလ ၉ရက်နေ့ထုတ်7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။
ရဲရင့်ငယ် မှ ပေးပို့ သည်.

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်