အိန္ဒိယဝန်ကြီးတစ်ဦးကို သတင်းထောက်က ဖိနပ်ဖြင့်ပေါက်ပြန်
အိန္ဒိယဝန်ကြီးတစ်ဦးအား သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တစ်ဦးက ရှူးဖိနပ်ဖြင့် ပစ်ပေါက်ခဲ့မှုတစ်ခု နယူဒေလီမြို့တွင် ယနေ့ဖြစ်ပွားခဲ့သည်ဟု သိရသည်။
သတင်းစာရှင်းလင်းပွဲအတွင်း ၁၉၈၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအကြောင်းနှင့် ပတ်သတ်၍ ဝန်ကြီးဖြစ်သူ Palaniappan Chidambaram ၏ အဖြေကို အလွန်အမင်း ဒေါသဖြစ်သွားခဲ့သည့် ဆစ်လူမျိုးသတင်းထောက်က စိတ်မထိန်းနိုင်ဘဲ ဖိနပ်ဖြင့် ပစ်ပေါက် ခဲ့ခြင်းဖြစ်သည်။ ထိုအဓိကရုဏ်းအတွင်း ဆစ်လူမျိုး ရာပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရသည်။ သတင်းများတွင် အမည်ဖော်ပြထားခြင်း မရှိသည့် သတင်းထောက်ပစ်ပေါက်လိုက်သည့် ဖိနပ်ကို ဝန်ကြီးက တိမ်းရှောင်လိုက်သဖြင့် ထိမိသွားခြင်းတော့ မရှိပေ။ ဝန်ကြီးက ဒေါသ ဖြစ်ဟန်မပြဘဲ အပြုံးဖြင့်ပင် ထိုသတင်းထောက်ကို အခန်းပြင်ခေါ်သွားရန် လုံခြုံရေးရဲများကို ညွှန်ကြားခဲ့သည်။ “သူ့ကို အခန်းပြင် ခေါ် သွားပေးလိုက်ပါဗျာ။ အေးအေးဆေးဆေးလုပ်ပါ။ ကိစ္စမရှိပါဘူး။ အားလုံးပဲ ထိုင်ကြပါ” ဟု လှုပ်လှုပ်ရှားရှားဖြစ်သွားသော ပရိသတ်နှင့် အခြားသတင်းထောက်များကို ပြောကြားခဲ့သည်။
အရပ်ဝတ်လုံခြုံရေးများက ၄င်းကို သတင်းစာရှင်းလင်းပွဲ ပြင်ပသို့ ခေါ်ဆောင်သွားခဲ့ပြီး သတင်းထောက်များနှင့် စကားမပြောရန်လည်း တားမြစ်ခဲ့သည်။ ယခုအပြုအမူနှင့်ပတ်သတ်၍ မည်သို့မည်ပုံ အရေးယူမည်ကိုမူ မသိရသေးပေ။ သတင်းစာရှင်းလင်းပွဲကိုမူ အဆုံးတိုင် အောင် ဆက်လက်ကျင်းပသွားခဲ့သည်။
လွန်ခဲ့သောလများက အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်နှင့် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့အပါအဝင် သံတမန်အချို့လည်း သ တင်းထောက်များ၏ ဖိနပ်ဖြင့်ပစ်ပေါက် ရှုံ့ချခြင်းခံခဲ့ကြရသည်။
Written by သတင်းထောက် ဧရာကျော်
http://www.thanlwin.com/new/index.php?option=com_content&view=article&id=788:2009-04-07-16-49-44&catid=1:latest-news&Itemid=105 မှ
No comments:
Post a Comment