Friday, April 10, 2009

လျှပ်စစ်အရာရှိလုပ်ရပ်ကြောင့် မြို့ခံများ မကျေမနပ်ဖြစ်နေရ

Friday, 10 April 2009 17:42 ရိုးမ ၃
E-mail Print
မြို့နယ်လျှပ်စစ်ဌာနသို့ စစ်တပ်မှ အရာရှိ ရောက်ရှိလာပြီးကတည်းက မီတာအသစ်တပ်ဆင်ရန် အကြောင်းပြပြီး သတ်မှတ်ထားသည်ထက် ငွေကြေးပိုကောက်ခံနေသဖြင့် မြို့ခံပြည်သူများက မကျေမနပ်ဖြစ်နေကြသည်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်လျှပ်စစ်ဌာနသို့ ဗိုလ်ကြီးမြင့်သိန်းဆိုသူ ရောက်ရှိလာပြီး မီတာအသစ်တပ်ဆင်ရန် ကျပ်ငွေ ၇၀,၀၀၀

အထိ တောင်းယူနေလျှက်ရှိပြီး ပြီးခဲ့သည့်လမှစ၍ ယခင်တပ်ဆင်ထားသည့် မီတာများကို အားနည်းနေသည်ဟုဆိုကာ အသစ်လဲခိုင်းနေကြောင်း မြို့ခံတဦးက ပြောသည်။

“သူရောက်လာကတည်းက မီတာတွေ အသစ်တပ်ဆင်မယ်ဆိုရင် ၅၆,၀၀၀ ကနေ ၇၀,၀၀၀ အထိ တောင်းတယ်၊ အခု နောက်တခါ ပြီးခဲ့တဲ့လမှာလဲ မီတာတွေ လဲခိုင်းတယ်၊ ၁၉၇၈ နောက်ပိုင်းက မီတာတွေကို အားနည်းတယ်ဆိုပြီး လဲခိုင်းပါတယ်၊ အစိုးရသတ်မှတ်ထားတာက မီတာတလုံး ၁,၀၀၀ ကို ၆,၀၀၀ အထိ တောင်းတယ်၊ အဲလိုတွေဆို မြို့ခံတွေ စိတ်ညစ်နေရတာပေါ့” ဟု မြို့ခံတဦးက ပြောသည်။

ယင်းကဲ့သို့ ဗိုလ်ကြီးမြင့်သိန်းလုပ်ရပ်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တိုင်ကြားခဲ့သဖြင့် လာရောက်စစ်ဆေးမှုများ ပြုလုပ်ရာတွင် မြို့နယ်အာဏာပိုင်များက ကာယကံရှင် ပြည်သူများနှင့် ပေးတွေ့ခြင်းမရှိဘဲ ၎င်းတို့စည်းရုံးထားသည့် လူများကိုသာ ဖြေကြားခိုင်းခဲ့ကြောင်း မြို့ခံက ဆက်ပြောသည်။

“လူကြီးတွေ ဆင်းစစ်တဲ့အခါကျတော့ စစ်ဆေးခံရမဲ့သူတွေကို ခေါ်တဲ့အခါ တကယ်ခံရတဲ့သူတွေကို မစစ်ဘူး၊ သက်ဆိုင်ရာ လူကြီးကတော့မသိဘူး၊ ခေါ်ပေးတဲ့ မြို့နယ်အာဏာပိုင်တွေက သူတို့လူ သူတို့ ခေါ်ပေးတဲ့အခါကျတော့ စစ်ဆေးတဲ့နေရာမှာ အမှန်အကန်သတင်း မရဘူး၊ တကယ်တမ်းခံစားရတဲ့သူတွေက ပြောမယ်ဆိုတော့လဲ ပြောခွင့်မပေးဘူး” ဟု ပြောသည်။

ခရမ်းမြို့နယ်အတွင်း လျှပ်စစ်ဝန်ထမ်းများ အကျင့်ပျက်ခြားမှုများ ကျူးလွန်နေသည့်အပြင် မီးပုံမှန်မလာခြင်းနှင့် အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံခြင်းများ ဆက်လက်ဖြစ်ပွား နေလျှက်ရှိကြောင်း မြို့ခံက ဆက်လက်ပြောသည်။

No comments:

Post a Comment