Thursday, February 12, 2009

သမိုင်းကဗ္ဗည်းတင်တဲ့ ခေါင်းဆောင်


မင်းအောင်နိုင် ။ ။မိဇ္ဈိမ
ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် ပေးခဲ့သော ကတိတလုံးကို တည်အောင် လုပ်ပေးသွားသူ တယောက်သာ ယနေ့အချိန်ထိ သက်ရှိထင်ရှား ရှိနေသေးမည်ဆိုပါက အသက် ၉၄ နှစ်အရွယ် ရောက်နေမည် ဖြစ်ပေသည်။

"တနှစ်အတွင်း လွတ်လပ်ရေးရစေရမည်" ဟု တိုင်းပြည်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံဖွား တိုင်းရင်းသားတို့ကို ကတိပြုပြီးချိန်မှစကာ မဆုတ်မနစ်သော ဇွဲလုံလတို့ဖြင့် ကိုယ်ကျိုးမငဲ့ အသက်အန္တရာယ်အရေးပင် ထည့်မတွက်ဘဲ စွမ်းစွမ်းတမံ အားထုတ်ဆောင်ရွက်ကာ ပေးခဲ့သော ကတိအတိုင်း သူမွေးဖွားကြီးပြင်းခဲ့ရာ၊ သူနေထိုင်အသက်ရှင်ခဲ့ရာ၊ ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်စနစ်ဆိုးတို့အောက်မှ လွတ်မြောက်အောင် သူကိုယ်တိုင် ဦးဆောင်တိုက်ယူခဲ့ရာ၊ သူချစ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို အမှန်တကယ်ပင် လွတ်လပ်ရေးရအောင် ဆောင်ရွက်ပေးသွားခဲ့လေသည်။

သူသည် ထိုကတိအတွက် သူ့အသက်ကိုပင် ရင်း၍ ပေးသွားရခြင်း ဖြစ်လေသည်။ သူရယူပေးခဲ့သော လွတ်လပ်ရေးနှင့် လွတ်လပ်ခြင်း၏ အရသာကို သူ့ခမျာ ခံစားမသွားခဲ့ရရှာပါ။ သို့သော် သူချစ်သော၊ သူ့ကိုချစ်သော မြန်မာပြည်သားတို့ တပါးကျွန်အောက်ဘ၀မှ လွတ်မြောက်ခဲ့သည်ကပင် သူ့လိုလားချက် ဆန္ဒတခု ပြည့်ဝခဲ့ခြင်းဟု ဆိုနိုင်ပါသည်။ ထိုအတွက် သူ့တိုင်းပြည်နှင့် ပြည်သူလူထုက သူ့ကျေးဇူးတရားတို့ကို မမေ့မလျော့ အစဉ်သတိရနေမြဲ။ သူနှင့် အမှန်တကယ် ထိုက်တန်သော အာဇာနည်ဆိုသော ဂုဏ်ထူးဝိသေသကို ပေးအပ်ကာ ဦးညွှတ်ကာ အလေးအမြတ် ပြုနေကြဆဲ ဖြစ်ပါသည်။

၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မွေးဖွားခဲ့သူဖြစ်၍ သူသာ ယနေ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်ထိ သက်ရှည်ကျန်းမာနေနိုင်ခဲ့ပါလျှင် ၉၄ နှစ်အရွယ် ရောက်နေမည်ဟု ဆိုရခြင်း ဖြစ်ပါသည်။ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ရသော ၁၉၄၇ ခုနှစ် သူကျဆုံးချိန်တွင် သူ့အသက်မှာ ၃၂ နှစ်ကျော်သာ ရှိပါသေးသည်။ ထိုနေ့ထိုအချိန်ကစကာ သူ လူ့လောကမှ ထွက်ခွာသွားရသော်လည်း "လူသေသော်ငြား နာမည်မသေ" ဆိုသည့် လူစားထဲတွင် သူတယောက် အပါအ၀င် ဖြစ်ခဲ့ပါသည်။ သူသည် ဘယ်တော့မှ မသေသော နာမည်တလုံးကို ပိုင်ဆိုင်သွားသူ ဖြစ်လေ၏။ သူကား ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသားခေါင်းဆောင်ကြီး "ဗိုလ်ချုပ်အောင်ဆန်း" ပင် ဖြစ်ပါသည်။

တိုင်းပြည်လွတ်လပ်ရေးအတွက် နည်းပေါင်းစုံဖြင့် သူစွမ်းဆောင်ခဲ့သည်မှာ ၁၀ နှစ်တာမျှ တိုတောင်းလှသော ကာလသာ ဖြစ်သော်လည်း တိုင်းပြည်အတွက် သူစွမ်းဆောင်ပေးသွားခဲ့သည်များက အံ့မခန်းပင်။ ထိုစဉ်က ဒေသတွင်း နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အခြားထွန်းသစ်စနိုင်ငံများမှ သူနှင့် ခေတ်ပြိုင်နိုင်ငံရေး ဆောင်ရွက်ကြသူ၊ အမျိုးသားခေါင်းဆောင်များ၊ လွတ်လပ်ရေး ဗိသုကာများနှင့်ယှဉ်လျှင် သူကား အသက်အငယ်ဆုံး။ သို့သော် သူ့အကြောင်းသိသူ အားလုံးက သူ့ကို မချီးကျူးဘဲ၊ မလေးစားဘဲ မနေနိုင်ခဲ့ကြပါ။ မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေးဆောင်ရွက်ကြသူ သူနှင့် ခေတ်ပြိုင်များမှာလည်း ထိုခေတ်ထိုအခါက ဒိတ်ဒိတ်ကျဲများသာ ဖြစ်သည်။ သို့သော် သူဦးဆောင်မှု၊ သူချမှတ်သော လမ်းစဉ်နောက် တညီတညွတ်တည်း လိုက်ပါခဲ့ကြသူ များလှပေသည်။ ထိုထိပ်တန်း နိုင်ငံရေးခေါင်းဆောင်များကြားမှ ချွန်ထွက်လာခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် ခေါင်းဆောင်ကောင်းတယောက်အဖြစ် ပြည်သူလူထုက ယုံကြည်စွာ အပ်နှင်းမှုကို ခံခဲ့ရလေသည်။

No comments:

Post a Comment