NEJ/ ၁၀ ဖေဖော်ဝါရီ ၂၀၀၉
စာပေစိစစ်ရေး၏ ညွှန်ကြားချက်ကြောင့် မြောက်ကိုရီးယား ဝါဒဖြန့်သတင်းတပုဒ် ပြည်တွင်းသတင်းကဏ္ဍတွင် ဖော်ပြပေးခဲ့ရကြောင်း အပတ်စဉ်ထုတ် ဖလားဝါးနယူးဂျာနယ်မှ အဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “စိစစ်ရေးက ဒီအပတ် အဲဒီသတင်း သတင်းကဏ္ဍမှာ ထည့်ပေးပါဆိုတော့ ထည့်ပေးရတယ်။ ဘယ်လို
ရည်ရွယ်ချက်လဲတော့ မသိရဘူး။ ဝါဒဖြန့်ချိရေး ဆောင်းပါးတပုဒ်အပြင် ထပ်ပြီး ထည့်ပေးရတာ ဖြစ်တယ်” ဟု ပြောသည်။
အဆိုပါသတင်းကို “တော်လှန်ရေးအရှိန်အဟုန်၏ အစဉ်အလာ အမွေအနှစ်များ” ဟု ခေါင်းစဉ်တပ်ထားပြီး ဖေဖော်ဝါရီ (၁ဝ-၁၆) ရက်နေ့ထုတ် ဖလားဝါးနယူးဂျာနယ် အတွဲ(၅) အမှတ် (၆) စာမျက်နှာ (၁၂) တွင် ဖော်ပြထားခြင်းဖြစ်သည်။
သတင်းထဲတွင် မြောက်ကိုရီးယား သမ္မတကြီး ကင်ဂျုံအီက လာမည့် ၂ဝ၁၂ ခုနှစ်သည် ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ နှစ် (၁ဝဝ) ပြည့် မွေးနေ့ဖြစ်သည်နှင့်အညီ အဆိုပါနှစ်၌ နိုင်ငံတော်ကို ချမ်းသာကြွယ်ဝ၍ အင်အားရှိသော နိုင်ငံတော်ကြီးအဖြစ် ပေါ်ပေါက်လာစေရန် သမိုင်းပေးတာဝန်ကို မီးကုန်ယမ်းကုန် ထမ်းဆောင်ကြရန် Chollima သံမဏိစက်ရုံ လုပ်သားများကို တိုက်တွန်းသည့် သတင်းဖြစ်သည်။
ယခုကဲ့သို့ မြောက်ကိုရီးယား၏ ဝါဒဖြန့် သတင်းများ၊ ဆောင်းပါးများ၊ ကင်အီဆွန်း၏ အတွေးအခေါ်များကို မြောက်ကိုရီးယားသံရုံး ရန်ကုန်မြို့တွင် ရုံးစိုက်စဉ် ၁၉၈၃ ခုနှစ် မတိုင်မီက မြန်မာဘာသာဖြင့် အမြောက်အမြား ထုတ်ဝေခဲ့ဖူးသည်။
၁၉၈၃ ခုနှစ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် တောင်ကိုရီးယားသမ္မတ မစ္စတာချွန်ဒူးဝှမ်နှင့် ဝန်ကြီးအဖွဲ့ကို မြောက်ကိုရီးယား သူလျှိုများက ဗုံးထောင် လုပ်ကြံသတ်ဖြတ်မှုပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် သမ္မတ ချွန်ဒူးဝှမ် ထိခိုက်မှု မရှိသော်လည်း အဖွဲ့ဝင် (၂၁) ဦးသေဆုံးခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံက မြောက်ကိုရီးယားကို သံအဆက်အသွယ် ဖြတ်တောက်ခဲ့သည်။
၂ဝဝဝ ခုနှစ် ဝန်းကျင်နှင့် နောက်ပိုင်းကာလများ၌လည်း မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယားမှ စစ်လက်နက်ပစ္စည်းများ လျှို့ဝှက် ဝယ်ယူနေသည်ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။
၂ဝဝ၇ ခုနှစ် နိုဝင်ဘာလအတွင်းတွင်မူ မြန်မာ- မြောက်ကိုရီးယား သံတမန် အဆက်အသွယ် ပြန်လည် ထူထောင်ခဲ့ပြီး ၂ဝဝ၈ ခုနှစ်အတွင်း နှစ်နိုင်ငံကြား သံတမန်နှင့် ဝန်ထမ်း၊ အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သည့်သူများ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွှတ်ပေးရေးဆိုင်ရာ အထူးသဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့ကြသည်။
ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ်အတွင်းကလည်း ရုရှဖက်ဒရေးရှင်း ရန်ကုန်သံရုံးသည် ဝါဒဖြန့် သတင်းနှင့် ဆောင်းပါးများကို မြန်မာတိုင်းမ်ဂျာနယ်တွင် ကြော်ငြာခ ကျပ်သိန်း ဆယ်နှင့်ချီ ပေးပြီး ထည့်သွင်းဖော်ပြစေခဲ့ဖူးသည်။
No comments:
Post a Comment