Monday, February 16, 2009

အဓမ္မလုပ်အားပေးတွင် ညီအကိုနှစ်ဦး မြေပိ သေဆုံး

ကျောင်းဆောက်ပေးဖို့ကဘယ်သူတာဝန်လဲ ပြည်သူတွေက ကိုယ့်ကျောင်းကိုယ်ဆောက်ပြီး စာသင်ရမှာလား။ ပြည်သူတွေ က ကိုယ့်ဟာကိုယ် ကျောင်းဆောက်ရတယ်။ မီးစက်တွေ ဝယ်ရတယ်၊ ကိုယ့်ရပ်ကွက်၊ မြို့ရွာတွေအတွက် မီးသတ်ကားလဲ ကိုယ့်အားကိုယ်ကိုးဝယ်ရတယ်။ နှစ်ရက်တစ်ခါမှလာတဲ့ လမ်းမီးတိုင်တွေ မကောင်းလဲ ကိုယ့်အားကိုယ်ကိုးလဲရတယ်။ ကြားလို့မှမကောင်းဘူး....
သဲသဲ
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 16 2009


နယူးဒေလီ(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်မှ ရွာတရွာတွင် မူလတန်းကျောင်း ဆောက်လုပ်ရေးအတွက် ရွာသားများအား အာဏာပိုင်များက လုပ်အားပေးခိုင်းစဉ် ရွာသားနှစ်ဦးမှာ မြေပိသဖြင့် ယခုလ ၃ ရက်နေ့က သေဆုံးခဲ့သည်။

ဂွေးချိုကုန်းရွာမှ အဖ ဦးကြာခင်နှင့် အမိ ဒေါ်တင်ငွေတို့၏ သားများဖြစ်သည့် ကိုမင်းဦး (အသက် ၃၀ နှစ်)နှင့် ကိုမြင့်အောင်

(အသက် ၂၂ နှစ်) သည် ကျောက်ကျင်းပိ၍ သေဆုံးကြရခြင်းဖြစ်သည်။

"ရွာလူကြီးက ကိုယ့်ခွဲတမ်းကို ပြီးအောင်တူးရမယ်ဆိုလို့ သွားတူးကြတာ။ ရွာအစပ် ကမ်းပါးက ကျောက်ကျင်း လှိုဏ်ခေါင်းထဲကို ၀င်တူးကြရတော့ အဲဒီမှာ နှစ်ယောက်လုံး မြေပိပြီး သေတာ။ အလောင်းတောင် မနည်း ပြန်ဖော်ရတယ်" ဟု ဂွေးချိုကုန်းရွာသား ကိုသိန်းနိုင်က မဇ္ဈိမကို ပြောသည်။

သေဆုံးသူ သားနှစ်ဦး၏ ရုပ်ကလာပ်များအား တွင်းပိသည့် နေ့တွင်းချင်း ဖော်ယူကာ ၃ ရက်မြောက်နေ့တွင် ရွာ၌ပင် သင်္ဂြိုဟ်
ခဲ့သည်။

ဈာပနကုန်ကျစရိတ်အတွက် ကျေးရွာလူကြီးများက တစုံတရာ တာဝန်ယူ ကူညီမှု မရှိသဖြင့် မိသားစုဝင်များက ရွာသားများထံမှ ငွေချေးငှားကာ ဆောင်ရွက်ရသည်ဟု အခြားရွာသားတဦးက ပြောသည်။

ကိုမင်းဦး၏ ဇနီးသည် မခင်ဝင်းကြည်အား ယခုသတင်း မပေါက်ကြားစေလိုကြောင်း ရွာအာဏာပိုင်များက သတိပေးထားသည်ဟု ပဲခူးမြို့ရှိ လူ့အခွင့်အရေးလှုပ်ရှားသည့် လမ်းပြကြယ်အဖွဲ့မှ ကိုသိန်းတန်က ပြောသည်။

"ဒီမှာက ရယက (ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ဆိုရင်ကို ကြောက်လို့ ဘာမှမပြောရဲဘူး။ တိုင်ရင်လည်း အဖမ်းခံရမှာစိုးတော့ ခိုင်းရင် လုပ်လိုက်မယ်ဆိုပြီး နေကြတာ။ အခုဆို အသက်သေတဲ့ အထိတောင် ဖြစ်လာပြီ" ဟု သူက ပြောသည်။

ကျောင်း ဆောက်လုပ်ရေးအတွက် ရွာအာဏာပိုင်များက ရွာသားများအား တအိမ်ထောင်လျှင် ကျောက်စရစ် ၁၅ ကျင်း၊ သဲ ၁၅ ကျင်း ခွဲတမ်းချကာ ခိုင်းစေခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကလည်း ယခုကျောင်း ဆောက်လုပ်ရန်ဟုဆိုကာ ရွာသားများထံမှ စီးပွားရေး အခြေအနေအလိုက် တအိမ်ထောင်လျှင် ကျပ်ငွေ တသောင်းမှ နှစ်သောင်းအထိ ကောက်ခံခဲ့သည်ဟု ဒုတိယရွာသားက ပြောသည်။

သူက "ရယက က လုပ်အားပေးခိုင်းတယ်။ အဲဒီကျောင်းအတွက်ပဲ ငွေကောက်သေးတယ်။ အိမ်မှာ စားစရာ ရှိတာ၊ မရှိတာ သူတို့ ဂရုမစိုက်ဘူး။ ကျနော့်ကိုလည်း နှစ်သောင်း ကောက်လို့ ချေးငှားပေးရတယ်" ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရုံးသို့ အဓမ္မလုပ်အားပေးကိစ္စများ တိုင်ကြားရန်အတွက် မြန်မာ စစ်အစိုးရက ၂၀၀၇ ခုနှစ်တွင် သဘောတူခဲ့သည်။

သို့သော် ILO သို့ လုပ်အားပေးကိစ္စ တိုင်ကြားခဲ့သဖြင့် နတ်မောက်မြို့နယ်မှ ကိုဇော်ဌေးကို အင်တာနက်မှတဆင့် အစိုးရဆန့်ကျင်ရေး သတင်းအချက်အလက်များ ဖြန့်ဝေမှု စွဲချက်တင်ကာ ပြီးခဲ့သည့်လက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သေးသည်။


Rest of your post

No comments:

Post a Comment