2/5/2009
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် တပ်မတော် စပါး ၀ယ်ယူခွင့်ရသူ ကိုယ်စားလှယ်က တောင်သူ လယ်သမား တဦးထံမှ လယ်တဧက ၂၀၀၀ ကျပ်နုန်းဖြင့် စပါးအစား ငွေများ ကောက်ခံနေကြောင်း သိရသည်။
အမည်မဖေါ်လိုသူ လယ်သမား တဦးက “ ပေါက်တောမြို့မှ အောင်လှဝင်းက ဦးဆောင်ပီးကောက်နေပါတယ်။ မပေးရင်
မရပါဘူး။ သူနဲ့ အတူ ရဲအဖွဲ့ တဖွဲ့လည်း အတူလိုက်ပါ လာပါတယ်။” ဟု ပြောသည်။
၎င်းအပြင် ဆန်စက်တလုံးမှ ကျပ် ၇၀၀၀၀ စီကောက်ခံနေပြီး မပေးနိုင်သူ ဆန်စက်ပိုင်ရှင်များထံမှ စက်နိုးသည့် ဂေါက်တံများ၊ သားရေကြိုးများကို သိမ်းယူနေသည်ဟုလည်း သူက ယခုကဲ့သို့ ပြောသည်။
“ ဆန်စက်တလုံးက ကျပ် ၇၀၀၀၀ စီ တပ်မတော် ရိက္ခာအတွက်ဆိုပီးလည်း ကောက်ပါတယ်။ မပေးနိုင်ရင် စက်မလည်ပတ်နိုင်အောင် ပစ္စည်းတွေကို သိမ်းယူသွားပါတယ်။ လယ်သမားတွေရော ဆန်စက် ပိုင်ရှင်တွေပါ အထူး ဒုက္ခရောက်နေကြရပါတယ်။” ဟု ပြောသည်။
ယခုကဲ့သို့ ကောက်ခံနေခြင်းမှာ အထက်မှ အမိန့်အရ မဟုတ်ဘဲ ဦးအောင်လှဝင်းမှ ဒေသခံ စရဖနှင့် မြို့နယ် မယက တာဝန်ရှိသူများနှင့် ပူပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သိရသည်။ သူက “ခုလို စပါးအစား ပိုက်ဆံကောက်တာက ပေါက်တောမှာ စပါးဈေးက တခြား ဒေသတချို့ထက် မြှင့်နေတော့ ဈေးချိုတဲ့ မြို့နယ်တွေက စပါးဝယ်ယူလိုတဲ့အတွက် စပါး မကောက်ဘဲ ပိုက်ဆံကောက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခု ဦးအောင်လှဝင်းမှ လက်ရှိ ကောက်ခံနေသာ ဒေသမှာ ပေါက်တောမြို့နယ် မြောက်ပိုင်းတွင် ဖြစ်ပြီး မအီချောင်းတရိုးရှိ ဆားပြင်၊ ငွေတွင်းတူး၊ ၀က်မကျ၊ ဆယ်သုံးတန်နဲ့ တင်းထိန်ကန်စသည့် ကျေးရွာများ ဖြစ်သည်။
ယခုနှစ်အတွင်း စပါးကျနေသည့် အပြင် စပါးအတွက်နုန်းပါ မကောင်း ဖြစ်နေသဖြင့် ယခုကဲ့သို့ တပ်မတော်ရိက္ခာအတွက်ဟု ဆိုကာ ဧကအလိုက် ငွေများ ကောက်ခံနေသဖြင့် ရခိုင်လူထုမှာ အထူး ဒုက္ခရောက်နေကြရသည်ဟု သတင်း ရရှိသည်။
No comments:
Post a Comment