Monday, February 2, 2009

ရန်ကုန်တွင် ရက်စက်သည့် လူသတ်မှု နှစ်မှု ဖြစ်ပွား

သတင်း မဇ္ဈိမ | ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်အတွင်း ပြီးခဲ့သည့်လက ဆိုးရွားလှသည့် လူသတ်မှုနှစ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပထမအမှုမှာ ၂၇ ရက်နေ့တွင် ၂ ရပ်ကွက်၊ ရန်အောင်လမ်းသွယ် ၆ လမ်း၊ တိုက်အမှတ် ၂၅၃ ၊ အခန်း ၈ တွင် ငှားရမ်းနေထိုင်နေသူ မခိုင်ဆက်ဆက် (အဘအမည် - ဦးလှရွှေ) ၏ နေအိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မှုခင်းဖြစ်စဉ်တွင် သူသည် ဗဟန်းမြို့နယ်၊ အုတ်လမ်းရှိ ယုဇန ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်ဆင်းပြီး ည ၈ ခန့်တွင် နေအိမ်သို့ ပြန်လာရာ နေအိမ်ရှိ မိသားစုဝင်များက တံခါးဖွင့်မပေးသဖြင့် အိမ်ပိုင်ရှင်ထံ သော့ပို တချောင်း တောင်းကာ အိမ်ထဲသို့ ၀င်ရောက်ခဲ့သည်။

ထိုအခါ မိခင်ဖြစ်သူ ဒေါ်နီနီ (အသက် ၇၀ နှစ်) သည် ရေချိုးခန်းအ၀င်ထောင့်၌ ၀မ်းဗိုက်၌ ချွန်ထက်သော ဒဏ်ရာဖြင့်လည်းကောင်း၊ တူဖြစ်သူ မောင်မောင်သီဟ (အသက် ၁၁ နှစ်) (အဘအမည် ဦးနိုင်ဦး) သည် အိပ်ခန်းထဲရှိ ကုတင်ပေါ်တွင် ခြေလက်များအား ကြိုးချည်ခံထားရပြီး ဒဏ်ရာများဖြင့်လည်းကောင်း သေဆုံး နေသည်ကို တွေ့ရှိခဲ့ရသည်။

သူတို့နေအိမ်အား ကန်ထရိုက်တိုက် ဆောက်လုပ်နေသည့်အတွက် မိသားစုမှာ ရန်အောင်လမ်းသွယ်အတွင်း ငှားရမ်းနေထိုင်နေထိုင်စဉ် ယခုလို အဖြစ်ဆိုး ကြုံတွေ့ရခြင်းဖြစ်သည်။

နေအိမ်ရှိ တန်ဖိုးငွေ ကျပ်သိန်း ၂၀ ခန့်ရှိ လက်ဝတ်ရတနာများ ပျောက်ဆုံးနေပြီး၊ မှုခင်းနှင့်ပတ်သက်၍လည်း ရဲက ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

ဒုတိယအမှုတွင် အမျိုးသမီးတဦးသည် အိမ်ထောင်ဖက်ဟောင်း ခင်ပွန်းသည် အကျဉ်းထောင်မှ လွတ်လာရာ အဆက်အသွယ်လုပ်သည်ကို လက်ရှိ ခင်ပွန်းက သိရှိပြီးနောက်၊ ဂျိုင်းနှစ်ဖက်အောက်မှ ဓားဖြင့် ခုတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

လူသတ်တရားခံမှာမူ သူကိုယ်တိုင်ပင် မြို့နယ်ရဲစခန်းသို့ သွားရောက်ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။

No comments:

Post a Comment