မင်းနိုင်သူ/ ၁၄ ဇန်န၀ါရီ ၂၀၀၉
ယခုလ (၁) ရက်မှစတင်ကာ မြန်မာ့လေကြောင်း (MAI) က ရန်ကုန်-စစ်တွေ လေယာဉ်လက်မှတ်ဈေးနှုန်များ မြှင့်တင်လိုက်ခြင်းကြောင့် ရခိုင်ဒေသခံများ သွားလာရေး အခက်တွေ့ကြရကြောင်း ဒေသခံများက ပြောဆိုသည်။
ရန်ကုန်-စစ်တွေ လေယာဉ်လက်မှတ်ဈေးနှုန်းများ မြှင့်တင်သည့်ကိစ္စ မှန်ကန်ကြောင်း ရန်ကုန် မြန်မာ့လေကြောင်း (MAI) ရုံး
တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။ ကမ္ဘာ့စီးပွားရေးကျဆင်းလာပြီး ရေနံဈေးနှုန်း ကျဆင်းနေချိန်၊ မြန်မာပြည်၌လည်း လောင်စာဆီဈေး ကျဆင်းနေချိန်တွင် မြန်မာ့လေကြောင်း (MAI) မှ လေယာဉ်ခများ တက်လိုက်ခြင်းကြောင့် ခရီးသည်များ အံ့အားတသင့် ဖြစ်နေကြသည်။
ကမ္ဘာ့လေကြောင်းလိုင်းများ ဈေးနှုန်းလျော့ချကာ ခရီးသွားများအား ဆွဲဆောင်နေချိန်တွင် မြန်မာ့လေကြောင်း (MAI) က ရုတ်တရက် မြှင့်တင်လိုက်ခြင်းဖြစ်သည်။ သို့သော် ရန်ကုန်-စစ်တွေ ပြေးဆွဲနေသည့် အဲယား ပုဂံနှင့် အဲယားမန္တလေး လေကြောင်းလိုင်းများမှာမူ ယခင်အတိုင်း ဈေးမတက်ဘဲရှိသည်ဟု စုံစမ်းသိရသည်။
ပြည်တွင်းခရီးသည်တဦးအတွက် ရန်ကုန်-စစ်တွေ လေယာဉ်လက်မှတ်ဈေးနှုန်များကို ယခင် (၃) သောင်းခွဲကျပ်မှ ယခု (၅) သောင်းကျပ်သို့ တိုးမြှင့်လိုက်ပြီး နိုင်ငံခြားသားတဦးအတွက်လည်း အက်ဖ်အီးစီ (၈၅) ယူနစ်မှ (၉၅) ယူနစ်သို့ မြှင့်တင်လိုက်ခြင်းဖြစ်သည်ဟု မြန်မာ့လေကြောင်း (MAI) တာဝန်ရှိသူတဦးက ပြောသည်။
“ကျနော်တို့ ဒေသခံတွေအတွက် အများကြီးအခက်တွေ့ရတာပေါ့။ စစ်တွေ-ရန်ကုန်သွား ကားလမ်းကလည်း မကောင်းတော့ လေကြောင်းကိုပဲ အားထားနေကြရတာ။ အထူးသဖြင့် ဈေးသက်သာတဲ့ အစိုးရလေကြောင်းကို အသုံးများတယ်။ အခု အစိုးရလေကြောင်း တခုတည်းကွက်ပြီး ဈေးတင်လိုက်တာ” ဟု ဒေသခံတဦးက ပြောသည်။
စစ်တွေ ရန်ကုန် သွားနေရသည့် ရခိုင်ခရီးသွားတဦးကမူ “စစ်တွေ လေယာဉ်လက်မှတ်ခတွေ တက်တာဟာ လေယာဉ်ပျံမစီးနဲ့တော့လို့ စစ်အစိုးရက ပြောလိုက်တာနဲ့ မခြားနားပါဘူး” ဟု ပြောသည်။
၂၀၀၅ ခုနှစ်ကလည်း ပြည်တွင်းလေယာဉ်ခ နှုန်းများကို မြှင့်တင်ခဲ့သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း ကမ္ဘာ့လောင်စာဆီဈေးတက်မှုကို အကြောင်းပြကာ ပြည်တွင်းလေယာဉ်ခများကို (၃၀) ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့သည်။
No comments:
Post a Comment