Monday, January 12, 2009

ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး ရခိုင်ပြည်နယ်ရောက် စစ်တွေမြို့မှ မော်တော်ယာဉ်များ ချောဆွဲခံရ

မင်းနိုင်သူ / ၁၂ ဇန်န၀ါရီ ၂၀၀၉


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ပြဿနာဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်သို့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရောက်ရှိလာကြောင်းနှင့် ၎င်းရောက်ရှိစဉ်အတွင်း ပုဂ္ဂလိက မော်တော်ယာဉ်များ ချောဆွဲခံကြရကြောင်း ဒေသခံတဦးက ပြောသည်။

“သူက (၉) ရက်နေ့မှ ရောက်လာတာပါ။ ကားတွေကိုတော့ (၅) ရက်နေ့ကတည်းက ချောဆွဲထားတာ (၁၁) ရက်နေ့အထိပဲ။

အခကြေးငွေ တပြားတချပ်မှမပေးတဲ့အပြင် ဆီလည်းမပေးဘူး။ ကားသမားတွေကိုလည်း ကြံ့ဖွံ့ ၀တ်စုံတွေ မ၀တ်မနေရ ၀တ်ခိုင်းသေးတာ” ဟု အထက်ပါဒေသခံက ဆက်လက်ပြောဆိုသည်။

စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်မြို့များတွင် ဌာနဆိုင်ရာကား လုံလောက်မှုမရှိသဖြင့် စစ်တွေမြို့ပေါ်မှ လိုင်းကားအားလုံးကို ချောဆွဲကာ လူကြီးခရီးစဉ်လမ်းတလျှောက်ရှိ ခရိုင်မြို့များတွင် လိုအပ်သလို အသုံးပြုနိုင်ရန် စောင့်ဆိုင်းခိုင်းခဲ့ကြောင်း သိရသည်။

စစ်တွေမြို့ကပေါ်တွင် မော်တော်ကားစီးရေ နည်းပါးသည့်အပြင် ချောဆွဲခံထားရသဖြင့် အခြားဒေသမှ ရောက်ရှိလာသော ခရီးသည်များ အခက်အခဲတွေ့ကြရကာ တက္ကသိုလ်ကျောင်းသားများလည်း မိမိအစီအစဉ်ဖြင့်သာ ကျောင်းသွားခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။

စစ်တွေတက္ကသိုလ်ကျောင်းကားများ ပြေးဆွဲမှုအဆင်မပြေခြင်းကြောင့် (၄) ရက်နေ့ကလည်း ကျောင်းသားများ ခြေလျင်လျှောက်ပြန်ကြရာ အာဏာပိုင်များက ဆူပူမှုများမဖြစ်စေရန် ထိန်းသိမ်းခဲ့ရသည်။ ယမန်နှစ်ကလည်း ဖယ်ရီကားများ ဈေးနှုန်းမြှင့်တင်မှုကြောင့် စစ်တွေကျောင်းသားများ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်