ဗြိတိန်အစိုးရအနေနှင့် လန်ဒန်တွင်ဖြစ်ပွားနေသော ဂျူးဆန့်ကျင်ရေး ဆန္ဒပြမှုများအတွက် ခေါင်းခဲနေရကြောင်း သိရှိရသည်။ အစ္စရေးနိုင်ငံက ဂါဇာဒေသကို တိုက်ခိုက်နေမှုများအတွက် လန်ဒန်ရှိ အစ္စရေးသံရုံးကို လူပေါင်းများစွာက ၀န်းရံဆန္ဒပြနေကြပြီး သံရုံးလုံခြုံရေးအတွက် တားဆီးနေကြသော ရဲများနှင့် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိကြသည်။ အစ္စရေးကို လှိုက်လှိုက်လှဲလှဲ မုန်းတီးနေသူများ၏ လက်ချက်ကြောင့် သံရုံးဝန်းကျင်ရှိ နေအိမ်အချို့နှင့် ဆိုင်ခန်းများမှ ပြူတင်းပေါက်မှန်များ ကွဲကုန်ကြောင်း ရဲများကဆိုသည်။ ထို့အပြင် အရေအတွက် အနည်းငယ်မျှသော အကြမ်းဖက်မှုများမှ ကြီးမားသော အဓိကရုန်းကြီးများ ဖြစ်ပွားလာမည်ကိုလည်း ရဲများက စိုးရိမ်လျက်ရှိကြသည်။ ကန်စတင်တန်အရပ်ရှိ သံရုံးအနီးတွင် ဂါဇာဒေသ ကျူးကျော်မှုအတွက် အစ္စရေးအား ဆန္ဒပြနေသည့် လူအများက ဇန်န၀ါရီလ (၁၁)ရက်နေ့က အစ္စရေးအလံကို မီးရှို့ခဲ့ပြီး ရဲကားတစ်စင်းကိုပါ ဖျက်ဆီးပစ်လိုက်သည်။
(ဗြိတိန်ရဲများနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ကြစဉ်)
ဆန္ဒပြသူများ၏ အကြမ်းဖက်လာမှုကြောင့် ပေါင်စတာလင် (၁)သန်းခန့်ထိ ဆုံးရှုံးရဖွယ်ရှိကြောင်း ဗြိတိန်အစိုးရက ခန့်မှန်းထားပြီး အစ္စရေး၏ ဂါဇာသို့တိုက်ခိုက်မှု အရှိန်မြင့်လာလေလေ၊ ဆန္ဒပြမှုများ ပြင်းထန်လာလေလေ ဖြစ်လာမည်ကို ဗြိတိန်အာဏာပိုင်များက စိုးရိမ်နေကြသည်။ “စစ်ပွဲကို ရပ်ပစ်”ဆိုသော ကြွေးကျော်သံများနှင့်အတူ လမ်းကြားများအတွင်း အကြမ်းဖက်မှုများ ဖြစ်လာနိုင်သည့် အပြုအမူမျိုးများ လှုံ့ဆော်ခဲ့သည့် လူ(၂၄)ဦးကို ရဲများက ထိန်းသိမ်းထားခဲ့ရပြီး ဆန္ဒပြသူအများစုသည် မွတ်ဆလင်လူငယ်များဟုလည်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောဆိုခဲ့သည်။ ထို့အပြင် ယော့ခ်ရှိုင်းယားနှင့် မစ်ဒ်လန်းမှ လူစုများလည်း ပါဝင်သည်ဟုသိရသည်။ ဗြိတိန်အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးက အပစ်အခတ် ရပ်စဲရေးအတွက် တောင်းဆိုနေကြသော်လည်း အစ္စရေးနိုင်ငံကမူ ဂါဇာဒေသအား သည်းကြီးမည်းကြီး ထိုးစစ်ဆင် တိုက်ခိုက်နေဆဲပင်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်အစောပိုင်း နောက်ဆုံးရသတင်း
ဇန်န၀ါရီလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် အစ္စရေးစစ်ကြောင်းများသည် ဂါဇာမြို့တော် ဆင်ခြေဖုံးရပ်ကွက်များကို စတင်ဗုံးကြဲနေပြီဟု သိရသည်။ ဂါဇာမှ စစ်ရေးသတင်းထောက်များက ဂါဇာမြို့တော် နယ်နိမိတ်အတွင်းထိ အစ္စရေးဗုံးများ ပထမဆုံးအကြိမ် ကျရောက်လာပြီဟု အတည်ပြုသည်။ အစ္စရေးတို့အနေနှင့် ဂါဇာမြို့သိမ်းပွဲကို မကြာမီ ဆင်နွှဲဖွယ်ရှိပြီး လက်နက်ကြီးများက မြို့တော်အရှေ့နှင့် တောင်ပိုင်းတွင် ကျရောက်ပေါက်ကွဲနေသလို တိုက်ခိုက်ရေး ရဟတ်ယာဉ်များကလည်း ပစ်မှတ်များကို ဒုံးကျည်နှင့် ပစ်ခတ်နေပြီဟု သိရသည်။
အစ္စရေးရေတပ်ကလည်း အနောက်ဘက်ကမ်းရိုးတန်းတလျှောက် Gunboatများနှင့် ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။ ဆင်ခြေဖုံး ဧရိယာများမှ ပါလက်စတိုင်း ဒေသခံများသည် မီးလျှံများ ၀ါးမြိုနေသည့် နေအိမ်များကို စွန့်ခွာပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်ကုန်ကြပြီး ထိုဒေသကောင်းကင်တွင် မီးခိုးများ ဖုံးလွှမ်းလျက်ရှိသည်။ အစ္စရေးကာကွယ်ရေး ၀န်ကြီးဌာနက ဂါဇာမြို့တော် နယ်နိမိတ်ကို ပထမဆုံးအကြိမ် ဗုံးကြဲခဲ့ကြောင်း အတည်ပြုချက် သတင်းထုတ်ပြန်လိုက်သည်။
http://www.planet.com.mm/news/read.cfm/id/11612
No comments:
Post a Comment