Thursday, January 22, 2009

လားဟူပြည်သူစစ်များကို အင်အားတိုးချဲ့ရန် ညွှန်ကြား

သီတာထွန်း။
ဇန်န၀ါရီလ ၂၂ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ လားဟူပြည်သူ့စစ်အဖွဲ့အား မြန်မာစစ်အစိုးရက လက်နက် (၁၀၀၀) ထုတ်ပေးမည် ဖြစ်ပြီး အဖွဲ့အင်အားတိုးချဲ့ရန် ညွှန်ကြားထားသည်။

တြိဂံတိုင်းမှူးက တဆင့် လက်နက်များကို ထုတ်ပေးသည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူ တာချီလိတ်မြို့ခံတဦးက ပြောသည်။

"တာချီလိတ်ခရိုင်၊ တာလေမြို့ထဲမှာရှိတဲ့ ကျနော်တို့ ကျခူးညီ ပြည်သူ့စစ်အဖွဲ့အစည်းကို နအဖက လက်နက်အင်အား (၁၀၀၀)

ဒီနအဖ ကကကြည်း ကနေတဆင့်ပေါ့၊ တြိဂံတိုင်းကနေ တဆင့် ချပေး ထားတယ်တဲ့၊ အခု လူစာရင်း ကောက်နေတာပေါ့၊ အသက်(၁၈)နှစ် ကနေ (၅၀)ကြား၊ လူစာရင်း ကောက်ပြီးမှ သူတို့က အားလုံး သင်တန်းတက်ခိုင်းတယ်လေ။"

တာလေမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရွာသားများအား ပြည်သူ့စစ်အဖွဲ့အင်အားတိုးချဲ့ရန် ကျေးရွာပြည်သူ့စစ် ခေါင်းဆောင်များက လူသစ်စုဆောင်းနေပြီး သင်တန်းတလ တက်ပြီးပါက လက်နက်များပေးအပ်မည် ဖြစ်သည်။

ယခုကဲ့သို့ လက်နက်ထုတ်ပေးခြင်းသည် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA)ကို ထိုးစစ်ဆင်ရာတွင် လားဟူပြည်သူ့စစ်အဖွဲ့ကို ကြားခံအဖြစ် ထားလိုခြင်းဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။

"ဒါကကျနော်ခန့်မှန်းတာကတော့ ဒီတောင်ပိုင်းမှာရှိတဲ့ ၀တပ်သား (UWSA)အဖွဲ့ကို သူတို့က လောလောဆယ်စစ်ဆင်ဖို့ အလားအလာရှိတယ်လေ၊ အဲဒီအချိန်ကျရင် သူတို့က လားဟူ ပြည်သူ့စစ် အဖွဲ့ကို သတင်းပေးတဲ့အနေနဲ့၊ နောက်လမ်းပြအနေနဲ့ နောက်တခုက လားဟူ အစည်းအဝေးတွေ ဘာတွေပေးတဲ့အခါကျရင် သုံးဖို့ဆိုပြီးတော့ လက်နက်ထုတ်ပေးတာ ဖြစ်နိုင်ပါတယ်။ နောက်တခုက သံလွင်အရှေ့ခြမ်းမှာက တိုင်းရင်းသားတွေက နေတာများ ကိုးနော့၊ အဲဒီမှာ လားဟူကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ သူတို့ချမှတ်ပေးဖို့လည်း အလားအလာ ရှိမယ်ထင်တယ်၊ အဲလိုချမှတ်တဲ့အခါ ကျတော့ လားဟူပြည်သူ့စစ် ဒိထက် မကဘူး၊ ကျနော်တို့ကြားတာ တာချီလိတ်၊ မိုင်းတုန်၊ မိုင်းဆတ်၊ ဒီမိုင်းပြင်းထိပေါ့၊ တမြို့နယ် အနည်းဆုံး လက်နက် အလက်(၁၀၀၀) ချပေးပြီးရင် ဒီလားဟူကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသမှာရှိနေတဲ့ သူတို့ တော်လှန်ရေး အဖွဲ့အစည်းကို သူတို့ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်မောင်းမှာဘဲ၊ သဘောကတော့ဗျာ ခင်ဗျားတို့လားဟူဒေသမှာ ရှိတဲ့သူပုန်တွေ ခင်ဗျားတို့ တိုက်ထုတ်၊ ခင်ဗျားတို့ မတိုက်ရင် ကျနော်တို့ အုပ်ချုပ်မဲ့လူကိုလာနှောင့်ယှက်ရင် ခင်ဗျားတို့ကို မပေးဘူးဘာညာ အကျပ်ကိုင် လာလိမ့်မယ်၊ အဲဒီအခါကျရင်ကျနော်တို့လည်း တိုက်ရတော့မယ်လေ၊ အဲဒီသဘောမျိုး ရှိတယ်။"

ယခုအခါ လူစာရင်းလိုက်လံကောက်ခံရာ သုံးရာခန့်ရရှိနေပြီး ရွာသားများမှာ ပြည်သူ့စစ် မ၀င်လိုသော်လည်း ရွေးချယ်စရာ မရှိသောကြောင့် ခေါင်းငုံ့ခံနေရသည် ပြောသည်။

ယင်းဒေသတွင် လှုပ်ရှားနေသည့် လားဟူပြည်သူ့စစ်အဖွဲ့ပေါင်း (၁၀)ဖွဲ့ကျော်ရှိပြီး (၂၀၀၁) ခုနှစ်အတွင်း ကလည်း ယခုအဖွဲ့ကိုပင် လက်နက်မျိုးစုံ ထုတ်ပေးခဲ့ဖူးသည်။

No comments:

Post a Comment