Wednesday, February 11, 2009

ကြက်သားရောင်းချခွင့် ပိတ်ပင်

သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009


ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်မြို့နယ်အတွင်း ကြက်မွေးမြူရေး ခြံနှစ်ခြံမှ ကြက်များ လည်လိမ်၍ သေဆုံးခဲ့ပြီးနောက် ကြက်သား မရောင်းရန် အာဏာပိုင်များက ယခုအခါ ပိတ်ပင်လိုက်သည်။

ပဲခူးတိုင်း ပြည်မြို့ ရွာပဲရပ်ကွက်မှ ဦးပွား၏ ကြက်ခြံနှစ်ခြံမှ ကြက်ကောင်ရေ ၃ ထောင်ခန့် လွန်ခဲ့သည့်လ အစောပိုင်းက

လည်လိမ် သေဆုံးခဲ့ရာ ယခုလဆန်းပိုင်းမှ စတင်၍ ရောင်းချခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

"ကြက်တွေကတော့ သေတာ ရုတ်တရက်ကြီး။ ဒါပေမဲ့ မွေးမြူရေးဦးစီးဌာနက လည်လိမ် အပြင်းစားလို့ပဲ ပြောတယ်။ အခု အရောင်းအ၀ယ်တွေ ပိတ်ထားတယ်" ဟု ပြည်မြို့က ကြက်ခြံပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

မွေးမြူရေး ဦးစီးဌာနနှင့် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မအဖ) အဖွဲ့ဝင်များ၊ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံဆော်သြ ညွှန်ကြားခဲ့သည်။

ပြည်မြို့တွင် ပုဂ္ဂလိက မွေးမြူရေး ကြက်ခြံပေါင်း ၆၀ ခန့်ရှိသော်လည်း ဦးပွား၏ ခြံနှစ်ခြံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒေသခံ ဆရာဝန်တဦးကလည်း "အခု ကြက်မရောင်းရလို့ပဲ။ ညွှန်ကြားထားတယ်။ ဒါပေမဲ့ နောက်တခုက ကြက်ငှက်တုတ်ကွေးလို့ မပြောရဘူး။ ဌာနဆိုင်ရာတွေက ပြင်းထန်တဲ့ လည်လိမ်လို့ပဲ ပြောနေကြတယ်" ဟု ပြောပြသည်။

ပြီးခဲ့သည့်လ ၁၅ ရက်နေ့က အခင်းဖြစ်ရာ ခြံများသို့ မွေးမြူရေးနှင့် ကျန်းမာရေး ဦးစီးဌာနများက လာရောက်၍ စစ်ဆေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ ကြက်သေများ ရှင်းလင်းခြင်းတို့ ပြုလုပ်ခဲ့သည်။

ပြည်မြို့အနီးရှိ ၀က်ထီးကန်၊ ပေါင်းတလည်၊ ရွှေတောင် စသည့် ကျေးရွာများအထိ ရောဂါကူးစက်မှု ရှိသည်ဟု ဒေသခံများက ပြောဆိုသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူပင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ပထမပတ်အတွင်းကလည်း စစ်အစိုးရရုံးစိုက်ရာ နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းနှင့် ဥယျာဉ်စု ရပ်ကွက်တွင် ကြက်လည်ပင်းလိမ် ရောဂါကြောင့် ကြက်ခြံ ၃ ခြံရှိ ကြက်အကောင်ရေ ၂၀၀ ကျော် သေဆုံးသဖြင့် ကြက်ခြံများကို ဖျက်ဆီးပစ်ခဲ့ရသေးသည်။

1 comment:

  1. သယ်ရင်း ရေ…
    ဗိုလ်ချုပ် အမှတ်တရ ကဗျာလေး ရေးပြီးပြီလား…
    အမှတ်တရ PDF လေးလုပ်ချင်လို့ …
    ညီလေးဖြိုဝေ လည်းOnline မှာ အော်နေပြီ…

    ReplyDelete